Home သတင်း ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု KNLA ပြော

ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု KNLA ပြော

3017
Photo: KNLA

မတ်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်(မြဝတီမြို့နယ်)၊ မောခီးတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က စျေးဝယ် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA က ဖမ်းဆီးရမိပြီး ၎င်းဖမ်းမိစစ်သည်များကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

မောခီးစခန်းမှ ကျေးရွာထဲသို့ စျေးဝယ်ထွက်လာသည့် ဒေသအခြေစိုက်တပ်ရင်း နှစ်ခုဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ-၅၅၅) နှင့် ခြေလျင်တပ်ရင်း (ခလရ-၃၂) မှစခန်းမှူး ၊ ဒုစစ်ကြောင်းမှူး နှစ်ဦးအပါအဝင် ၎င်းတို့ကို လုံခြုံရေး လိုက်ပါ ရယူပေးသည့် တပ်သားနှစ်ဦးကို KNLA တပ်ရင်း ၂၀၁ နှင့် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း KNLA တပ်ရင်း ၂၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဘူးဖောက ယခုလိုပြောသည်။

၎င်းက “အခုက လုံခြုံတဲ့ နေရာမှာ သူတို့ကို ထိန်းသိမ်းထားပါတယ်။ ကျနော်တို့မှာရှိတဲ့ စစ်သုံ့ပန်း ဥပဒေ အတိုင်း သူတို့ကို ဆက်ဆံပါတယ်။ ပြီးတော့ အထက်ကိုတော့ တင်ပြထားတယ်။ သူတို့ကို ဘယ်လို ဆက်လုပ် မလဲဆိုတာတော့ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်မှာပါ။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသူများမှာ မော်ခီးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း( ခမရ-၅၅၅) မှ ဒုစစ်ကြောင်း မှူးဖြစ်သူ ဇေယျာမင်းနှင့် ၎င်း၏ ကိုယ်ရံတော်အဖြစ်လိုက်ပါလာသူ ဒုတပ်ကြပ်ချစ်သူ၊ ခြေလျင်တပ်ရင်း(ခလရ-၃၂) မှ စခန်းမှူး ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ ကိုယ်ရံတော် တပ်သားတစ်ဦးဖြစ်ပြီး သူတို့နှင့်လိုက်ပါလာသည့် ဒေသခံနှစ်ဦးကိုပါ ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

အဆိုပါ ဝေါ်လေ၊ မော်ခီးဒေသများသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၆) နယ်မြေနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိနေပြီး လတ်တလောတွင် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကာ စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ်အသုံးပြု၍ လာရောက်ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သေးသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း KNU တပ်မဟာ (၅) နယ်မြေဘက်တွင် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရကာ တပ်ခွဲမှူးအဆင့်အပါအဝင် ၂၇ ဦး အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိကြောင်း KNU ဘက်က ထုတ်ပြန်ထားသေးသည်။