Home သတင်း မြန်မာလုပ်သား ၃၆ ဦးကို တင်လာသည့် ကားနှစ်စီး မဲဆောက်တွင် ဖမ်းမိ

မြန်မာလုပ်သား ၃၆ ဦးကို တင်လာသည့် ကားနှစ်စီး မဲဆောက်တွင် ဖမ်းမိ

1405
Photo. AEC News

မတ်လ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာ လုပ်သား ၃၆ ဦးကို တင်ဆောင်မောင်းနှင်လာသည့် ကား ၂ စီးနှင့်အတူ ထိုင်းလူမျိုး ယာဉ်မောင်း နှစ်ဦးအား ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်က မဲဆောက်မြို့ အာရှလမ်းမပေါ်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၁၅ ရက် နံနက် ၄ နာရီခွဲအချိန်ခန့်က ထိုင်း-မြန်မာနယ်စပ်မြဝတီတဖက်ကမ်း မဲဆောက်မြို့ လယ် အာရှလမ်းမပေါ်တွင် ထိုင်းလူမျိုး ယာဉ်မောင်း ၂ ဦးမှ ကား ၂ စီးနှင့် တင်ဆောင်လာသည့် အထောက်အ ထားမဲ့ မြန်မာလုပ်သား အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၆ ဦး ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များဘက်က သတင်းထုတ်ပြန်ထားသည်။

“လူတစ်ဦးလျှင် ကားခဘတ်‌ငွေ ၅၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ်ငွေ ၁၈၀၀၀ ယူပြီး တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့သို့ ပို့ဆောင်ပေးရမှာ ဖြစ်ကြောင်း” ထိုင်းကယ်ရီ ယာဉ်မောင်း နှစ်ဦးက ထိုင်းအာဏာပိုင် များထံထွက်ဆိုထားပြီး မြန်မာလုပ်သား တစ်ဦးလျှင် ဘန်ကောက်အရောက် ထိုင်းဘတ်ငွေ ၃၀,၀၀၀ ဝန်းကျင်ခန့် လူကယ်ရီများထံ ပေးဆောင်ရသည်ဟု ဆိုသည်။

ထိုသို့ ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၃၆ ဦးထံမှ ဖုန်းများသိမ်းယူ၍ လူကယ်ရီများနှင့် ဆက်သွယ်ခဲ့သည့် အချက်အလက်များနှင့်ကွင်းဆက်တရားခံများဆက်လက် ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် မဲဆောက်မြို့ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေပြီး ထိုင်းဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အလားတူ ယမန်နေ့ မတ်လ ၁၄ ရက်နေ့ကလည်း ကုန်စိမ်းကားအတွင်း ပုန်းအောင်းလိုက်လာသည့် မြန်မာလုပ်သား ၅၃ ဦးကို မဲဆောက်မြို့အထွက် တာခ့်ခရိုင် ဘန်ကောက်အတက်လမ်းတွင် ဖမ်းမိခဲ့သေးသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၀ နှစ်နီးပါးကြာ နေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ကိုကျော်စိုးက “ယခုလို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့မြန်မာလုပ်သားတွေဟာ ထိုင်းမှာ နေ့စဉ်လိုလို ဖမ်းမိနေတယ်။ ဒီလို အောက်လမ်းကနေ သွားရတာက တကယ့်ကို အန္တရာယ်များပါတယ်။

Photo. AEC News

အခန့်မသင့် လူသေဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ဘန်ကောက်ကို ရောက်လာရင်တောင်မှ ဘာမှမရှိတဲ့အတွက် အလုပ်က လွယ်လွယ်ကူကူမရဘူး။ နောက်တဆင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားစာရွက်စာတမ်းတွေ ထပ်လုပ်ရဦးမယ်။ ဒီအတွက် ထိုင်းဘတ်ငွေ ၁ သောင်းကျော်ဆိုတော့ မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၀ သိန်း ကျော်လောက်ထပ်ပြီးကုန်ရဦးမယ်။ ” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံကို MoU စနစ်ဖြင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှတဆင့် တရားဝင် ပို့ဆောင်ခွင့်ပြုသည်ဆိုသော်လည်း ငွေကုန်ကြေးကျမှုအပါအဝင် လုပ်ငန်းကြာချိန်ကာလ တိကျသော မူဝါဒလုပ်ငန်းလမ်းညွှန် မရှိခြင်းကြောင့် ယခုလို ရက်တိုတိုနှင့် မြန်မြန်ရောက်နိုင်သည့် လမ်းကြောင်းဖြစ်သော အောက်လမ်းကနေ ပို့ဆောင်ပေးသည့် လူကယ်ရီများနှင့် ချိတ်ဆက်ကာ သွားလာနေကြခြင်းဖြစ်ကြောင်း မြဝတီနယ်စပ်ရှိ ရွှေ့ပြောင်းလုပ်သားအရေး စောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောသည်။

ယခုလို တရားမဝင်လမ်းကြောင်းဖြင့် ဝင်လာပြီး အကယ်၍ အဖမ်းခံရပါက ငွေလည်းကုန်၊ ထောင်လည်းကျမှာဖြစ်သည့်အတွက် ဖြစ်နိုင်ပါက တရားဝင်လမ်းကြောင်းဖွင့်မှသာ ဝင်လာကြရန် တိုက်တွန်းလိုကြောင်း လည်း အဆိုပါ ရွှေ့ပြောင်းလုပ်သားအရေး စောင့်ကြည့်လေ့လာသူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မငြိမ်မသက်မှုကြောင့် ပြည်တွင်း၌ စက်ရုံအလုပ်ရုံ အများစုပိတ်ကုန်ကြ၍ အလုပ်လက်မဲ့ လူဦးရေ အဆမတန်များလာဖြင့် ယခုလို ထိုင်းနိုင်ငံသို့ သွားရန် တွန်းအား ဖြစ်စေခြင်းဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်သူများက ထောက်ပြပြောဆိုကြသည်။

လက်ရှိ ထိုင်းနိုင်ငံဘက်တွင် အဖမ်းအဆီးများနေသော်လည်း နှစ်နိုင်ငံ နယ်စပ်ဝင်ပေါက်များမှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သားများ နေ့စဉ်ရှိနေသဖြင့် ထိုသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ယခုနှစ် မတ်လ အတွင်းထိ ဖမ်းဆီးခြင်း ခံရသည့် မြန်မာလုပ်သား နှစ်ထောင်နီးပါးခန့် ရှိပြီးဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်မှုများမှတဆင့် သိရသည်။