Home သတင်း ကား ၃ စီး ပစ်ခတ်မီးရှို့ခံရပြီးနောက် အာရှလမ်းအား သွားလာမှုပိတ်

ကား ၃ စီး ပစ်ခတ်မီးရှို့ခံရပြီးနောက် အာရှလမ်းအား သွားလာမှုပိတ်

1696

မတ်လ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယနေ့ မတ်လ ၁၂ ရက် နံနက်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကုန်တင် ယာဉ် ၂ စီးနှင့် မှန်လုံယာဉ် ၁ စီး စုစုပေါင်းယာဉ် ၃ စီး ပစ်ခတ် မီးရှို့ခံရပြီးနောက် ယာဉ်သွားလာမှုအား ယနေ့ နေ့လည်ပိုင်းအချိန်ထိ ပိတ်ထားကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်က တောနော်ရေတံခွန်အနီးနှင့် ဒေါနတောင်ခြေ ကော့နွဲတံတားအနီး နေရာများတွင် ကုန်တင်ယာဉ် ၂ စီးနှင့် နံနက် ၉ နာရီကျော်ခန့်တွင် ၃ စီးမြောက်အဖြစ် ရွှေစင်စင်္ကြာမှန်လုံယာဉ် ထပ်မံ၍ ပစ်ခတ်မီးရှို့ခံရခြင်းဖြစ်သည်ဟု မျက်မြင် ဒေသခံယာဉ်မောင်းများက ပြောသည်။

ဒေသခံ ယာဉ်မောင်းများတစ်ဦးက “ဒီမနက် ၉ နာရီကျော်ခန့် အာရှလမ်းမှာ ရွှေစင်စင်္ကြာမှန်လုံယာဉ် ၁ စီး မီးရှို့ခံရတယ်။ ခရီးသည်တွေကို ဆင်းခိုင်းပြီးကားကိုပဲ မီးရှို့သွားတဲ့အတွက် ယာဉ်မောင်းရော ခရီးသည်တွေပါ အသက်အန္တရာယ်တော့ မရှိကြဘူး”ဟု မြဝတီ ရွှေစင်စင်္ကြာကားဂိတ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ ယနေ့ တစ်ရက်တည်းတွင်ပင် ကား ၃ စီး ပစ်ခတ်မီးရှို့ခံရပြီးနောက် ယနေ့ နံနက် ၁၀ နာရီခန့်မှစ၍ မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ယာဉ်သွားလာမှုကို ပိတ်ထားကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ဒီမနက် ၁၀ နာရီခန့်ကစပြီး အာရှလမ်းမှာ ကားတွေ ပေးမသွားတော့ဘူး။ ကော့ကရိတ်ဘက်မှာဆိုရင် လှိုင်ဝရွာနားကနေ တားထားသလို မြဝတီဘက်မှာ သင်္ဃန်းညီနောင်ဂိတ်နေရာကနေစပြီး ကားတွေ ပေးမသွားလို့ လှည့်ပြန်နေကြရတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးခန့်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက် ချီတက်လာ သည်ကို တွေ့ရကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့က ၎င်းမော်တော်ယာဉ်များကို ပစ်ခတ်မီးရှို့ ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုကြသော်လည်း ကေအိုင်စီအနေဖြင့် သီးသန့် အတည်ပြုချက် မရရှိသေးပါ။

သို့ဖြစ်၍ လက်ရှိအခြေအနေများအရ အာရှလမ်းတွင် ယာဉ်ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထားသောကြောင့် ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအနေဖြင့် ခိုင်လုံသည့် သတင်းများအား နားစွင့်ပြီး သတိထားသွားလာကြရန် လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်မှုများလည်း ရှိနေသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု၏ အဓိက လမ်းကြောင်း တစ်ခုဖြစ်၍ ကာလရှည် သွားလာမှု ပိတ်ပင်ထားပါက ကုန်သွယ် မှုတွင် များစွာထိခိုက်မှုရှိပြီး ကုန်ပစ္စည်းများ ဈေးမငြိမ်မသက်ဖြစ် လာနိုင်ကြောင်း ဒေသခံများအကြား ပြောဆိုလျက်ရှိသည်။