Home သတင်း အခွန်ကင်းလွတ်ခွင့်ရ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းသို့ ‌ပြောင်းဆန်များ အလုံးအရင်းဖြင့် တင်ပို့

အခွန်ကင်းလွတ်ခွင့်ရ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းသို့ ‌ပြောင်းဆန်များ အလုံးအရင်းဖြင့် တင်ပို့

1767
Photo: CJ

‌ဖေ‌ဖော်ဝါရီ ၂ ရက် ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ့လယ်ယာထွက်ကုန် ‌ပြောင်းဆံများကို ထိုင်နိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပြုထား‌သော ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့မှစ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းသို့ အလုံးအရင်းဖြင့် စတင် တင်ပို့လျက်ရှိ‌ကြောင်း သိရသည်။

မ‌နေ့က ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့မှစပြီး အခွန်ကင်းလွတ်ခွင့်ရသည့်အတွက် ‌ပြောင်းဆန်များကို မြဝတီနယ်စပ်မှ တဆင့် ကားအစီး‌ရေ ၁၀ဝ ‌ကျော်နှင့် ထိုင်းဘက်ကို စတင်တင်ပို့လျက်ရှိသည်။

“မနှစ်ကထက်‌တော့ နည်းတာ‌ပေါ့။ မနှစ်ကဆိုရင် ဒီပထမရက်မှာတင် ကားအစီး‌ရေ ၃၀ဝ ‌လောက်နဲ့ တင်ပို့ ကြတာ။ ဒီနှစ်မှာ‌တော့ ထိုင်းဘက်က အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့် အ‌ထောက်အထား စာရွက် စာတမ်း ယူရာမှာ အချိန်‌နှောင့်‌နှေးမှု တစ်ချို့ရှိ‌နေတာ‌ကြောင့် ကားအစီး‌ရေ ၁၀ဝ ‌ကျော်ဘဲ တင်ပို့နိုင်တယ်” ဟု ‌ပြောင်းကုန် သည်တစ်ဦးက ‌ပြောသည်။

Photo: CJ

မြန်မာ့‌ပြောင်းဆန်များကို ထိုင်းသို့ တင်ပို့ရာတွင် နှစ်စဉ် ‌ဖေ‌ဖော်ဝါရီ ၁ ရက် ‌နေ့ မှ ဩဂုတ်လ ၃၁ ရက်‌နေ့ထိ ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့် ပြုထားပြီး ထိုင်းဘက်ခြမ်းမှ ‌ပြောင်းထွက်ချိန် စက်တင်ဘာလ မှ ဇန်နဝါရီလ ကုန်ပိုင်းထိ (၅)လတာ အတွင်းတွင်မူ အခွန် ၇၃ ရာခိုင်နှုန်း သတ်မှတ်ထားသည်ဟု မြဝတီနယ်စပ် ကုန်သည်ကြီး များအသင်း ဥက္ကဋ္ဌ ‌ဒေါ်သင်းသင်းမြတ်က ‌ပြောသည်။

“ထိုင်းဘက်ခြမ်းက ‌ပြောင်းထွက်ချိန် စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ(၅)လ အတွင်းမှာ‌တော့ မြန်မာ ဘက်ခြမ်းက ‌ပြောင်းဆန်‌တွေကို အမှုန့်ပြုလုပ်ပြီး တင်ပို့မှု‌တွေ‌တော့ ရှိပါတယ်။ ဒီလို အမှုန့်လုပ်ပြီးတင်ပို့တဲ့ အခါမှာ အခက်အခဲ‌တွေ‌တော့ ရှိတာ‌ပေါ့။ ဖြစ်နိုင်ရင် ‌ပြောင်းဆန်‌တွေကိုပဲ တစ်နှစ်ပတ်လည်အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့လို့ရရင် မြန်မာဘက်က ‌ပြောင်းကုန်သည်‌တွေအတွက် ပို၍ အဆင်‌ပြေနိုင်တယ်” ဟု ‌ဒေါ်သင်းသင်းမြတ်က ‌ပြောသည်။

မြဝတီနယ်စပ်ကုန်သွယ်မှုတွင် ထိုင်းဘက်သို့မြန်မာလယ်ယာ ထွက်ကုန်များဖြစ်‌သော ကြက်သွန်နီ ငရုပ်သီး၊ ‌မြေပဲ အစရှိသည်တို့ကို တင်ပို့မှုများရှိ‌သော်လည်း ယခုလို အခွန်ကင်းလွတ်ခွင့်ရချိန် (၇) လတာ ကာလအတွင်းတွင် ‌ပြောင်းဆန်တင်ပို့မှုမှာ အများဆုံးဖြစ်သည်။

လက်ရှိ ထိုင်းသို့ တင်ပို့လျက်ရှိ‌သော ‌ပြောင်းဆန်များမှာ ရှမ်းပြည်နယ် ‌တောင်ပိုင်း နှင့် ‌မြောက်ပိုင်း‌ဒေသတို့ မှ ထွက်ရှိ‌သော‌ပြောင်းဆန်အများစု ဖြစ်ပြီး ယင်း‌ဒေသထက် ‌ပြောင်းထွက်ချိန် အနည်းငယ် ‌နောက်ကျသည့် ဧရာဝတီတိုင်းနှင့် အခြား‌ဒေသများရှိ ‌ပြောင်းဆန်များကိုလည်း ယခု အခွန်ကင်းလွတ်ခွင့်ရသည့် (၇) လတာ ကာလအတွင်း တင်ပို့နိုင်ရန် မြန်မာ့‌ပြောင်းကုန်သည်များမှ ပြင်ဆင်လျက်ရှိ‌ကြောင်း သိရသည်။