ဖေဖော်ဝါရီ ၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပီလောပီနံစိုက်တောင်သူများ ယခုနှစ် ဥအထွက်နှုန်း တိုးလာသော်လည်း မြေဩဇာနှင့် စိုက်ခင်းသုံးကုန်ပစ္စည်း ဈေးနှုန်းမြင့်မားပြီး ထိုင်းနယ်စပ်လမ်းကြောင်း ပိတ်ထားသည့်အတွက် တောင်သူများ ကုန် ကျမှုနှင့် ဈေးကွက်နှုန်းထား မကိုက်ညီဘဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများတွင် စတင်တူးယူကြလေ့ရှိသည့် ပီလောပီနံဥများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ ခဲ့ကြသော်လည်း ဘုရားသုံးဆူနယ်စပ် ကန့်သတ်လိုက်သည့်အတွက် မြေဩဇာများနှင့် စိုက်ပျိုးရေးသုံး ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်မားသဖြင့် စိုက်ပျိုးစရိတ်မှာ ကုန်ကျမှုများခဲ့သည်။
သို့သော် စိုက်ခင်းအထွက်နှုန်းမှာ ကောင်းမွန်ခဲ့ပြီး ထိုင်းဘက်သို့ တင်ပို့ရောင်းချရန်အတွက် မြဝတီမြို့နယ်စပ်လမ်းကြောင်းမှ တင်ပို့ရန်မှာလည်း စရိတ်စက များပြားနေရာ ဈေးနှုန်းမကိုက်ဖြစ်နေသည်ဟု တောင်သူများက ပြောဆိုနေကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှ ပီနံဥစိုက်တောင်သူ နော်မာမာအေးက “ခါတိုင်းနှစ်ဆို ဘုရားသုံးဆူကနေ ဆင်းဝယ်ကြတာ။ အခု လမ်းကပိတ်ထားတော့ မြဝတီနယ်စပ်ကနေ ပြန်လှည့်ပို့ရတော့ ပို့ခပို့ကုန်သွားတာပေါ့နော်။ မြေဩဇာရော အခြားစိုက်ပျိုး ရေးသုံး ဆက်စပ်ပစ္စည်းတွေပါ ၃-၄ဆလောက် ဈေးတက်တော့ ပြန်ရတဲ့ဈေးနဲ့ အလုပ်သမားခ နဲ့ ပေါင်းလိုက်ရင် သိပ်မကျန်တော့ဘူး။”ဟု ဖေဖော်ဝါရီ ၁ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
ဒေသထွက် ပီလောပီနံဥများကို ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရာတွင် ယခင်နှစ်ဈေးနှုန်းအတိုင်း ၁ကီလိုလျှင် ထိုင်းငွေဖြင့် ၄.၂ ဘတ်သာ ဈေးနှုန်းရရှိကာ ရောင်းချနေရသည့်အတွက် တောင်သူအများစု စားဝတ်နေရေးအတွက် အခက်အခဲရှိလာခဲ့သည်။
ထိုင်းနိုင်ငံသည် ပီလောပီနံဥများကို ကျွဲ၊ နွား၊ ဝက်၊ ကြက်မွေးမြူရေးအစားအစာများ ပြန်လည်ထုတ်လုပ်လျက်ရှိပြီး ကိုဗစ်ရောဂါဖြစ်ပွားသည့်ကာလနှင့်နိုင်ငံရေးအခြေအနေတွေကြောင့် တောင်သူများ၏ ဒေသထွက်ကုန်များကို ကုန်သည်များ၏ ပေးသည့်ဈေးနှုန်းဖြင့်သာ ရောင်းချနေရပြီး ထိုင်းနိုင်ငံမှ တိုက်ရိုက်ဆင်းဝယ်သည့်နှစ်များတွင် ဈေးကောင်းရရှိလျှက်ရှိသည်ဟု တောင်သူများထံမှ သိရသည်။




















