Home သတင်း တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် ‌ကေအဲန်ယူ လုပ်‌ဆောင်ရမည်ဟု အဖွဲ့ ၇၅နှစ်ပြည့်တွင် ဥက္ကဌ ‌စောမူတူး‌စေးဖိုး တိုက်တွန်း‌ပြောဆို

တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် ‌ကေအဲန်ယူ လုပ်‌ဆောင်ရမည်ဟု အဖွဲ့ ၇၅နှစ်ပြည့်တွင် ဥက္ကဌ ‌စောမူတူး‌စေးဖိုး တိုက်တွန်း‌ပြောဆို

1091

‌ဖေ‌ဖော်ဝါရီ ၆ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းတည်‌ထောင်ခဲ့သည့် (၇၅)နှစ်ပြည့်‌မြောက်သည့်‌နေ့တွင် လက်ရှိဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ‌ကေအဲန်ယူသည် ကရင်တစ်မျိုးသားလုံးအတွက် ဖွဲ့စည်းတည်‌ထောင်ခဲ့‌သော‌ကြောင့် ကရင်တစ်မျိုးသားလုံး အကျိုးစီးပွားအတွက် လုပ်‌ဆောင်ရမည်ဖြစ်သည်ဟု ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့တွင် ‌ပေးပို့သည့် သဝဏ်လွှာ၌ ‌ပြောဆိုခဲ့သည်။

၂၀၂၂၊ ‌ဖေ‌ဖော်ဝါရီ ၅ရက်‌နေ့တွင် ကျ‌ရောက်‌သော ‌ကေအဲန်ယူ၏ ၇၅နှစ်‌မြောက် ဖွဲ့စည်းတည်‌ထောင်သည့်‌နေ့အတွက် ‌ပေးပို့‌သော ၎င်းသဝဏ်လွှာတွင် စု‌ပေါင်း‌ခေါင်း‌ဆောင်မှုဖြင့် ‌ကေအဲန်ယူ၏နိုင်ငံ‌ရေးရပ်တည်ချက်အ‌ပေါ် ကျရာအခန်း ကဏ္ဍမှ ပူး‌ပေါင်း‌ဆောင်ရွက်ကြပြီး ကရင်တစ်မျိုးသားလုံး၏ နိုင်ငံ‌ရေးရည်မှန်းချက်များ ပြီး‌မြောက်‌အောင်မြင်သည်အ ထိ ကြိုးပမ်းအားထုတ်ကြရန်လည်း ‌ခေါင်း‌ဆောင်များ၊ အဖွဲ့ဝင်များနှင့် လုပ်‌ဖော်ကိုင်ဖက်များအား ဥက္ကဌက တိုက်တွန်း ထားသည်။

‌ကေအဲန်ယူ၏ အဓိက ရည်ရွယ်ချက်သည် အမျိုးသားတန်းတူ‌ရေးအပြင် မတူကွဲပြားလျက်ရှိ‌သော လူမျိုးတိုင်း၏အခွင့် အ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အပြည့်အဝ အာမခံချက်‌ပေးနိုင်‌သော ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး ပင်ဖြစ်‌ကြောင်း၊ အမျိုးသားတန်းတူ‌ရေးနှင့် အခွင့်အ‌ရေးအတွက် ‌ဖော်‌ဆောင်ရာတွင် စစ်မှန်‌သောငြိမ်းချမ်း‌ရေး တည် ‌ဆောက်ခြင်း တန်းတူအခွင့်အ‌ရေးရှိသည့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ အ‌ကောင်အထည်‌ဖော်‌ဆောင်ရန်မှာ အ‌ရေး ကြီး‌သောအချက်ဖြစ်သည်ဟုလည်း ဥက္ကဌ၏သဝဏ်လွှာတွင် ထည့်သွင်း‌ပြောဆိုထားသည်။

စိန်ရတုနှစ်ဖြစ်သည့် ၇၅နှစ်‌မြောက် ကရင်အမျိုးသားအစည်းအရုံး‌နေ့ (Karen National Union Day) အခမ်းအနားကို ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့၌ ‌ကေအဲန်ယူ၏ ‌ကော်သူး‌လေ အုပ်ချုပ်နယ်‌မြေတစ်‌နေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယ ဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ အပါအဝင် ဗဟို၊ ခရိုင်အဆင့် အရပ်ဖက်နှင့် တပ်ဖက် (KNLA)‌ခေါင်း‌ဆောင်များ၊ ကရင်လူငယ်‌မောင်မယ်များ၊ ‌ဒေသခံလူထု စုစု‌ပေါင်း လူဦး‌ရေ ၂၀၀‌ကျော် တက်‌ရောက်ဂုဏ် ပြုခဲ့ကြ‌ကြောင်းလည်း ‌ကေအဲန်ယူက သတင်းထုတ်ပြန်ခဲ့သည်။

‌ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒို‌နော်မြိုင်ဖိုးက “ပြန်စဉ်းစားရင် အ‌တော်‌မောပမ်းခဲ့ကြရတယ်။ တခါတ‌လေ ပြန် ‌ပြောလို့‌တောင် မ‌ပျော်‌တော့ဘူး။ ဘာလို့လဲဆိုရင် ကွဲပြဲမှု‌တွေ၊ အမြင်မတူတာ‌တွေ အဖွဲ့အစည်းထဲမှာ ရန်သူရဲ့သပ်လျှို ဖြိုခွဲမှု‌တွေက ရှိခဲ့တယ်။”ဟု ‌ကေအဲန်ယူ၊ လူမှုကွန်ရက်စာမျက်နှာမှ သူမ၏ဘဝဖြတ်သန်းမှု အင်တာဗျူး၌ ‌ပြောဆိုထား သည်။

မြန်မာနိုင်ငံတွင် ‌ကေအဲန်ယူကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ယခင်က မှတ်ယူလာခဲ့မှုများရှိခဲ့‌သော်လည်း ဗိုလ်ချုပ် မှူးကြီးမင်း‌အောင်လှိုင်၏ အာဏာသိမ်းမှု‌ကြောင့် ယခုဆိုလျှင် မည်သူက အကြမ်းဖက်သတ်ဖြတ်‌နေသည်ဆို‌သော အမှန်တရားကို သိရှိနားလည်သွားပြီဖြစ်၍ စစ်အာဏာရှင်စနစ်ကို ပြတ်သားရဲရင့်စွာ ဆန့်ကျင်သွားရမည်ဖြစ်‌ကြောင်း၊ ‌ကေအဲန်ယူသည် ၎င်း၏လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့်အညီ မူဝါဒ၊ တရားစီရင်‌ရေး လုပ်ထုံးလုပ်နည်းများကို ပြဌာန်းထားပြီး ဖြစ်သည်ဟုလည်း သူမက ဆက်လက် ‌ပြောဆိုသွားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်း၊ ကျဆုံးခဲ့ပြီး‌သော ကရင်အာဇာနည်‌ခေါင်း ‌ဆောင်များ၊ ရဲ‌ဘော်ရဲဘက်များနှင့် ပြည်သူလူထုများအား အ‌လေးပြုခြင်း၊ ‌ကေအဲန်ယူ ဥက္ကဋ္ဌ၏ သဝဏ်လွှာကို ဖတ် ကြားခြင်း၊ ‌ကေအဲန်ယူ‌နေ့(KNU Day) ဖြစ်‌ပေါ်လာပုံအကျဉ်းကို ရှင်းလင်း‌ပြောကြားခြင်း၊ ကရင်လူငယ်မျိုးဆက်သစ် များက ဂုဏ်ပြုသီချင်းသီဆိုခြင်းနှင့် တက်‌ရောက်သည့် ‌ခေါင်း‌ဆောင်များက ဂုဏ်ပြုစကားများ၊ ‌ကျေးဇူးတင်စကားများ ‌ပြောကြားခဲ့ကြပြီး အခမ်းအနား အစီအစဉ်ကို ကရင်အမျိုးသားသီချင်းဖြင့် သီဆိုကာ ရုတ်သိမ်းခဲ့‌ကြောင်း သိရသည်။

အလားတူ (၇၅)နှစ်‌မြောက် ‌ကေအဲန်ယူ‌နေ့ အထိမ်းအမှတ်အဖြစ် ‌ကေအဲန်ယူ၏ သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာ၊ မြို့နယ် များတွင် ၎င်းတို့၏ အစီအစဉ်များအလိုက် ကျင်းပပြုလုပ်ခဲ့ကြ‌ကြောင်းလည်း သိရသည်။

‌ကေအဲန်ယူကို ၎င်းတို့ပြဌာန်းထားသည့် ဖွဲ့စည်းပုံအရ ခရိုင် (၇)ခရိုင်၊ တပ်မဟာ (၇)ခုဖြင့် တည်‌ဆောက်ထားပြီး ဗဟို၊ ခရိုင်၊ မြို့နယ်၊ ‌ကျေးရွာဟူ၍ အဆင့်‌လေးဆင့် ဖွဲ့စည်းအုပ်ချုပ်ထားသည်။ ၎င်းအပြင် တပ်ဖက်ဆိုင်ရာ အပါအဝင် သစ်‌တော၊ တရားစီရင်‌ရေး၊ စိုက်ပျိုး‌ရေး၊ ပြည်ထဲ‌ရေး၊ နိုင်ငံခြား‌ရေး၊ ကာကွယ်‌ရေး၊ ‌မွေးမြူ‌ရေးနှင့်ငါးဖမ်း၊ စည်းရုံး‌ရေး/ ပြန်ကြား‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ မဟာမိတ်‌ရေးရာ၊ အခွန်ဘဏ္ဍာ၊ သယ်ယူပို့‌ဆောင်‌ရေးဟူ‌သော ဌာနဆိုင်ရာ (၁၄)ခုဖြင့် လုပ်ငန်းစဉ်များ လည်ပတ်လုပ်‌ဆောင်‌နေသည့် ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ဖြစ်သည်။

‌ကေအဲန်ယူကို ကရင်အမျိုးသားအဖွဲ့အစည်း ‌လေးဖွဲ့ဖြစ်သည့် ‌ဒေါကလူ(ကရင်အမျိုးသားအသင်း၊ Karen National Association-KNA)၊ ဗုဒ္ဓဘာသာကရင်အမျိုးသားများအသင်း(Buddhist Karen National Association-BKNA)၊ ကရင် ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO)နှင့် ကရင်လူငယ်အစည်းအရုံး(Karen Youth Organization-KYO) တို့ စုစည်းကာ ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့က တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။