ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီ၏ တပ်ရိက္ခာနှင့် လက်နက်အ ထောက်အကူပစ္စည်းများ ရှေ့တန်း စခန်းနယ်မြေများသို့ ကူညီပို့ဆောင်ပေးနိုင်ရန် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် ၃၀၀ ခန့် ထပ်မံအင်အားဖြည့်ဆည်းမှုများလုပ်ဆောင်လာကြောင်း KNU တပ်မဟာ (၅) တာဝန်ရှိသူ များက ပြောသည်။
လက်နက်ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ခံရမှုကြောင့် အသေအပျောက်များလာသည့် ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရိက္ခာနှင့် လက်နက်ခဲယမ်း အရောက်ပို့ဆောင်ပေးနိုင်ရန် စစ်ကောင်စီ၏ ညွှန်ကြား မှုဖြင့် BGF တပ်ဖွဲ့ဝင်များကို ထပ်မံအင်အား ဖြည့်တင်းလာခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ယခုလိုပြောသည်။
“စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု နေ့တိုင်းရှိနေတော့ ဖာပွန်ကို လက်နက်ရိက္ခာအရောက်ပို့ဖို့လိုတယ်။ တကယ် လို့ရောက်အောင် မပို့နိုင်ရင် အဲ့မှာရှိနေတဲ့ အုပ်ချုပ်ရေးနဲ့ စစ်တပ်တွေအတွက် အခက်အခဲရှိလာမှာပေါ့။ အဲ့ဒါကြောင့် အရောက်ပို့ဖို့က သူတို့မှာ အင်အားမလုံလောက်တော့ BGF ကို အကူအညီ တောင်းတာ။ လမ်း ကြောင်းပေါက်တဲ့အထိ လုပ်ဖို့ သူတို့မှာ အစီအစဉ် အသေအချာကို ရှိတယ်” ဟု သူက ကေအိုင်စီသို့ ပြောသည်။
တပ်မဟာ(၅)နယ်မြေတွင် ယခင် BGFတပ်ဖွဲ့ဝင် ၉၀၀ နီးပါးရှိထား၍ လက်ရှိတွင် ထပ်မံဖြည့်တင်း အင်အား ၃၀၀ သည် ရန်အောင်မြေအထိ ရောက်ရှိလာပြီး လက်နက်ရိက္ခာပို့ဆောင်နိုင်ရန် ယခင် ကျောက်ခင်းလမ်းများကို အသုံးမပြုတော့ဘဲ လမ်းဖောက်စက်ယန္တရားများပါ သယ်ဆောင်လာ၍ လမ်းအသစ် ဖောက်လုပ် မှုများပြုလုပ်နေကြောင်းလည်း ဗိုလ်မှူးကြီး စောထူးကရှေားက ဆက်ပြောသည်။
အလားတူ စစ်ကောင်စီဘက်မှလည်း KNU တပ်မဟာ (၅) နယ်မြေကို အပြီးသတ်ချေမှုန်းရန် တပ်အင်အား ထပ်မံ ဖြည့်တင်းမှုများရှိနေပြီး ယခင် တပ်ရင်းပေါင်း ၂၈ ရင်းရှိရာမှ ယခု တပ်ရင်း (၄)ရင်း တိုးလာပြီး စုစုပေါင်း ၃၂ ရင်းအထိတိုးလာကာ လူအင်အား အားဖြင့် ၄၀၀၀ ဝန်းကျင်ရှိနိုင်ကြောင်း KNU ဘက်မှ ခန့်မှန်းပြောဆိုခဲ့သည်။
ယခု အင်အားဖြည့်တင်းလာသည့် BGF တပ်ဖွဲ့ဝင်များမှာ မည်သည့်တပ်ရင်းတပ်ဖွဲ့နှင့် မည်သူ့ ဦးဆောင်မှု အောက်က တပ်ဖွဲ့ဝင်များဖြစ်သည်ကို အတိအကျ မသိရှိရသေးသော်လည်း BGF တပ်နယ်အစုံမှ လက်အောက်ခံ တပ်ရင်းအစုံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း KNU က ဆိုသည်။
လက်ရှိ KNU တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြှင့်တက်လာခြင်းကြောင့် ဖာပွန်မြို့အပေါ်ရှိ ဒေသခံအရပ်သားများလည်း မြို့ကို ရှောင်တိမ်းနေကြသလို ပြီးခဲ့သည့်လမှစ၍ KNU ၏ သတိပေးထုတ်ပြန်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ အရပ်ဖက် ဝန်ထမ်း တစ်ရာကျော်လည်း မြို့မှ ထွက်ခွာသွားပြီးဖြစ်သည်ဟု သိရသည်။
ထိုသို့ တပ်မဟာ (၅) နှင့် တပ်မဟာ (၁) နယ်မြေများတွင် BGF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများလာခြင်းနှင့် တိုက်ပွဲ ပိုပြင်းထန်လာခြင်းအပေါ် လက်မခံနိုင်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုပြင်းထန် လာမည့်အပေါ် မလိုလားကြောင်း BGF အမှတ် (၁၀၂၂) တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်က ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျင်းပသည့် ကျုံဒိုးမြို့နယ်မီးပုံပွဲအခမ်းအနား၌ ထည့်သွင်း ပြောဆိုခဲ့သည်။
၎င်းအပြင် နိုင်ငံခြားရောက်နေသူများ၏ ငွေကြေးထောက်ပံ့မှုများဖြင့် စစ်ပွဲဖန်တီးမှုများကြောင့် ကရင်လူမျိုး များသာ အသက်ဆုံးရှုံးနေရကြောင်းနှင့် ထိုသို့ ပြုလုပ်ခြင်းသည် ကိုယ့်လူမျိုးကို ချစ်ရာမရောက်ဘဲ အချင်း ချင်းကြား ညီညွတ်ရေးကိုသာ ပြောဆိုရမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးစောမုတ်သုန်က ဆက်လက်ထည့်သွင်း ပြောဆိုသွားခဲ့သည်။
ယခုနှစ်ဦးစ ဇန်နဝါရီလ တစ်လတာအတွင်း တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း (၃၂၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ ၁၉၄ ဦးသေ ဆုံးကာ ၂၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။



















