Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ပြောင်းဆန်တင်တွဲကားတိမ်းမှောက်၍ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ပြောင်းဆန်တင်တွဲကားတိမ်းမှောက်၍ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

1895
Photo: CJ

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဒေါနတောင်ကျော် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့အဆင်းနေရာတွင် ယနေ့ နံနက် ၉း၃၀ ဝန်းကျင်ခန့်က ပြောင်းဆန်တင် တွဲကားတစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ခဲ့ရာ ယာဉ်ပေါ်ပါသူ (၄) ဦး အနက် ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီခွဲကျော်ခန့် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့အဆင်း ကွင်းကလေး တံတားနေရာအနီးတွင် ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကိုလာသည့် ပြောင်းဆန်တင် တွဲကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေးထိုးကျပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ရဲမင်းနိုင် အသက်(၂၈)နှစ်နှင့် ၎င်း၏ဇနီး မလဲ့လဲ့နိုင် အသက်(၂၆)နှစ်တို့မှာ သေဆုံးခဲ့ပြီး ယင်းတို့၏ ရင်သွေး အသက် ၂ နှစ်ကျော် ကလေးငယ်မှာ ထိခိုက်ဒဏ်ရာရမှု မရှိသော် လည်း ယာဉ်အကူ အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်သည့် သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရ သူများကို မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် ၎င်းတို့၏ နေရပ် ရန်ကုန်တိုင်းသန်လျင်မြို့သို့ ထပ်မံပို့ဆောင်ပေးရန် စီစဉ်နေကြောင်း သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် နေရာသို့ သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့အပြင် မြဝတီခရိုင်မီးသတ်တပ်ဖွဲ့ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ နေရာသည် ယခင်က ယာဉ်များမကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားလေ့ရှိသဖြင့် အဆင်းတစ်ခြမ်း အတက်တစ်ခြမ်း လမ်းတိုးချဲ့ပြုပြင်ထားပြီး ယာဉ်အန္တရာယ်ကင်းရေး အတွက် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားကြောင်း သိရသည်။

Photo: CJ