Home သတင်း လေးကေကော်တိုက်ပွဲ နှစ်လပြည့်ချိန်တွင် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေ

လေးကေကော်တိုက်ပွဲ နှစ်လပြည့်ချိန်တွင် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေ

1393
Photo_ပုံဟောင်း(Ka hsaw Wah )

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

လေးကေကော်ဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်ကာလ နှစ်လပြည့်ချိန် ဖေဖော်ဝါရီ ၁၅ နံနက်ပိုင်းတွင် လေးကေကော် ရပ်ကွက်တွင်းနှင့် ဖလူးလေး၊ ဖလူးကြီးကျေးရွာဘက်တို့တွင် တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွား နေကြောင်း စစ်ဘေးရှောင် ဒေသခံများပြောစကားအရ သိရသည်။

” မနေ့က ဖလူးကြီး၊ ဖလူးလေးဘက်ဖြစ်တယ်၊ အခုဒီမနက် လေးကေကော်ဘက်ကတော့ အသံတွေ ကြားနေရတယ်၊ လက်နက်ကြီးတွေ အမြှောက်ကုန်းကနေ နေရာစုံကို ပစ်ထုတ်နေတယ်၊ ဖလူးဘုရားကုန်း ဘက်ကလည်း ပစ်ခတ်သံကြားနေရတယ်။ ဘာဖြစ်အုံးမယ်မသိဘူး။ လေးကေကော် တစ်ဝိုက်ကို သူတို့ စစ်ကောင်စီတပ်တွေ ပြန်မဆုတ်ပေးသေးလို့ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်” ဟု လေးကေကော် ရက်ကွက် ၃ တွင် နေထိုင်ခဲ့သူ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က လေးကေကော် ဒေသတွင်း အပန်းဖြေ ရေတံခွန်စခန်း လေးကပေါ်ရေတံခွန်ဘက်သို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များရှိနေသည်ဟုဆိုကာစစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ပါ စစ်ကား ၁၆ စီးသည် နယ်မြေကျော်လွန် စစ်ကြောင်းထိုးလာမှုကြောင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းအရ သိရသည်။

အဆိုပါ တိုက်ပွဲတွင် KNU လက်အောက်ခံတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ဒဏ်ရရရှိသူ ၅ ဦးထက်မနည်းရှိခဲ့ကြောင်း၊ စစ်ကောင်စီအမြှောက်ကုန်းဘက်မှလည်း လက်နက်ကြီး ပစ်ကူပေးရမ်းသမ်းပစ်ခတ်သဖြင့် ရေတံခွန်အပန်းဖြေ စခန်းနေရာများပျက်စီးခဲ့ကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးတစ်ဦးက ပြောသည်။

Photo_ပုံဟောင်း(Ka hsaw Wah )

မနေ့က ဖေဖာ်ဝါရီလ ၁၄ ရက်နှင့် ယနေ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ဖလူးဒေသနှင့် လေးကေကော်ရပ် ကွက်အတွင်း KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသကဲ့သို့ ကော့ကရိတ်ဒေသဘက်တွင်လည်း ရေကျော်ကြီး၊ ရေကျော်လေးကျေးရွာဘက်မှ စစ်ကြောင်းတက်လာသည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်နှင့် KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၁၃ ရက်ညက တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိသလို KNLA ပူးပေါင်းအဖွဲ့ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချို့ ရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လေးကေကော် ဒေသစစ်ဘေးရှောင်များမှာ ဆုံဆည်းမြိုင်၊ ကျောက်ခက် ၊ ကဆောဝါးလေးတောင်ကုန်း ၊ သေ့ဘောဘိုး၊ ဝါးတောနေရာများတွင် အစုအဖွဲ့အလိုက် စစ်ဘေးရှောင် မိသား စုရာချီ၍ နေထိုင်နေကြရသည်ဟု သိရှိရသည်။

ထိုစစ်ရှောင်များသည် ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်မှ လာရောက်ကူညီထောက်ပံ့သည့် အစားအသောက် ရိက္ခာ၊ ဆေးဝါးအသုံးအဆောင်များကိုသာ မှီခိုမျှဝေစားသောက် နေကြရကြောင်း၊ တစ်ကျော့ပြန် တိုက်ပွဲများရက်ဆက် ဖြစ်ပွားလာပါက စစ်ဘေးလွတ်ရာ ဆက်လက်တိမ်းရှောင်ရန် အသင့်ပြင်ဆင်ထားနေရကြောင်း စစ်ဘေးရှောင်နေသည့် ထီးမယ်ဝါးခီး ရွာသားများက ပြောသည်။