Home သတင်း အာဏာရှင်ကို ဆက်လက်တော်လှန်နေဆဲ ချင်းအမျိုးသားများကို KNU လေးစားအသိအမှတ်ပြု

အာဏာရှင်ကို ဆက်လက်တော်လှန်နေဆဲ ချင်းအမျိုးသားများကို KNU လေးစားအသိအမှတ်ပြု

810

ဖေဖော်ဝါရီ ၂၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်တပ်က အာဏာသိမ်းချိန် ဖေဖော်ဝါရီလ ၁ရက်နေ့မှစပြီး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် ဘဝတူတိုင်းရင်းသားများ နှင့်အတူ ယနေ့အချိန်ထိ ဆက်လက်တိုက်ပွဲဝင်နေသည့် ချင်းအမျိုးသားများ၏ ဇွဲ၊ သတ္တိ၊ စိတ်ဓါတ်များကို လေးစား အသိအမှတ်ပြုကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံးက ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂၀ရက် ယမန်နေ့က ကျရောက်ခဲ့သည့် ၇၄နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့သော ကရင်အ မျိုးသားအစည်းအရုံး၏ သဝဏ်လွှာတွင် ထည့်သွင်းဂုဏ်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ၏ သူ့ကျွန်မခံလိုသောစိတ်ဓါတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်၊ အမျိုးသားရေး စိတ်ဓါတ်နှင့်လူထုဆန္ဒအရ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့်စနစ်ကို မြတ်နိုးသည့်စိတ်ဓါတ်တို့အပေါ် အခြေခံ၍ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း ၎င်းဂုဏ်ပြုသဝဏ်လွှာတွင် KNU က ပြောဆိုထားသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေးမှသည် တိုင်းရင်းသားလူမျိုးများနှင့် ချင်းအမျိုး သားများလိုလားသည့် နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်နိုင်သည်အထိ KNU အနေဖြင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဟု (၇၄)ကြိမ်မြောက် ချင်းအမျိုးသားနေ့တွင် သံဓိဌာန်ပြုကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

ချင်းအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကလည်း အလားတူ သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ချင်းဒေသလွတ်လပ်ရေးအတွက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခုခံတော်လှန်နေ ကြသည့်အပေါ် ဂုဏ်ယူပြီး ချင်းပြည်နယ်အတွက် ပါဝင်ကူညီနေကြသူများကိုလည်း ကျေးဇူးတင်ကြောင်း NUG က ပြောဆိုထားခဲ့သည်။

၂၀၂၁ခုနှစ်၊ ဧပြီလမှစ၍ ချင်းပြည်နယ်၏ မြို့နယ်အသီးသီးတွင် နယ်မြေကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံတော်လှန်ခဲ့ခြင်းကြောင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာခဲ့ ခြင်း၊ ထန်တလန်မြို့ အပါအဝင် နေရာတော်တော်များများတွင် လူနေအိမ် မီးရှို့ခံရခြင်းနှင့် ပြည်သူ အများအပြား စစ်ဘေးရှောင်အဖြစ် နေရပ်စွန့်ခွာခဲ့ရသည်။

ထို့အပြင် ယနေ့အချိန်ထိလည်း ချင်းပြည်နယ်၏ မြို့နယ်တော်တော်များများတွင် စစ်ကောင်စီနှင့် နှစ်ဖက် တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။

ဖေဖော်ဝါရီ ၁၁ရက်နေ့လည်း ကရင်တိုင်းရင်းသားများ၏ (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ ကျရောက်ခဲ့ပြီး တပို့ တွဲလပြည့်ကျော် ၁ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁၆ရက်နေ့ကလည်း (၇၅)နှစ်မြောက် မွန်အမျိုးသားနေ့ ကျရောက်ခဲ့ ကြသည်။