ဖေဖော်ဝါရီ ၂၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်တွင် ကုန်စျေးနှုန်း မြင့်တက်မှုများ ရှိနေသော်လည်း ကွမ်းသီးစိုက်ပျိုးသည့်ဒေသများမှ တောင်သူများအ တွက် ကွမ်းသီးအရောင်းအဝယ်စျေးကွက်မှာမူ မတိုးတက်လာဘဲ စျေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း ကွမ်းသီးစိုက် တောင်သူများက ပြောဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံဒေသရှိ ကွမ်းသီးတောင်သူတစ်ဦးက “ကွမ်းသီးစျေးနှုန်းက အရင်နှစ် စျေးနှုန်းအ တိုင်းပဲ။ တစ်ခြားကုန်စျေးနှုန်းတွေက တက်ပြီး ကွမ်းသီးစျေးနှုန်းက မတက်ဘူးငြိမ်တယ်။ အခု ဒိုင်တွေက ကွမ်းသီး သိပ်လိုက်မဝယ်ဘူး။ အရင်နှစ်တုန်းက အဝေးကလူတွေ လာဝယ်တာရှိတယ်။ မိုးတွင်းတုန်းကတောင် လာဝယ်တာရှိ တယ်။ ကွမ်းသီးခြောက်ကတော့ ဒီနှစ်လာဝယ်တာ သိပ်မရှိဘူး။ စျေးနှုန်းကောင်းတဲ့ အချိန်စောင့်ရတာပေါ့။ စျေးနှုန်း ထပ် မတက်ရင်တော့ အရှုံးခံပြီး ရောင်းရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုနှစ်တွင် ကွမ်းသီးစျေးမကောင်းသည့်အပြင် ကွမ်းသီးထွက်သည့် ဒေသအချို့မှာလည်း စစ်ရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲအခြေအနေကြောင့် ကွမ်းသီးပို့ဆောင်ရန် အခက်အခဲရှိပြီး ဒေသတွင်း အရောင်းအဝယ် နည်းပါးကြောင်းလည်း ကွမ်းသီးစိုက်တောင်သူများက ပြောသည်။
ကွမ်းသီးစိုက်တောင်သူ အများစုမှာ ကွမ်းသီးများကို အခြောက်ထားကာ စျေးကောင်းရပြီး အဝယ်များသည့် နွေရာသီ တွင် ကွမ်းသီးခြောက်ကို ထုတ်ရောင်းကြသည်။ အခြေခံစားသောက်ကုန် စျေးနှုန်းများ အကုန်တက်နေသည့် ယခုလိုအ ချိန်တွင် ဒေသထွက် ကွမ်းသီးစျေးနှုန်းကောင်းများရရန် မျှော်လင့်ခဲ့ကြကြောင်း တောင်သူများ၏ ပြောဆိုချက်အရ သိရ သည်။

စိုက်ပျိုးသော ဒေသအပေါ် မူတည်၍ ကွမ်းသီးအမျိုးအစားနှင့် အရွယ်အစား မတူသည့်အတွက် ကွမ်းသီးစျေးနှုန်းမှာ လည်း အနည်းငယ် ကွာခြားလျက်ရှိသလို အချို့ဒေသတွင် ကွမ်းသီးအဖြူတစ်မျိုးတည်းသာ ထွက်ရှိပြီး အချို့ဒေသ၌မူ ကွမ်းသီးအညိုနှင့် ကွမ်းသီးအဖြူ ဟူ၍ စျေးနှုန်းကွဲကာ ရောင်းချခြင်းများလည်း ရှိသည်။
ကွမ်းသီးအထွက်များသည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသ မိတန်၊ မိနန်းအပ်နှင့် အဇင်းကျေးရွာများဘက်တွင် ယခုအချိန်၌ ကွမ်းသီးအဖြူတစ်ပိဿာမှာ ၄၇၀၀ကျပ်နှင့် အညိုတစ်ပိဿာ ၄၂၀၀ကျပ်ရှိသည့်အပြင် ကွမ်းသီးထွက် သည့် ကော့ကရိတ်မြို့နယ်ထဲတွင် ကွမ်းသီးအဖြူ တစ်ပိဿာ ၅၅၀၀ကျပ်သာ အဝယ်ရှိသည်ဟု ကွမ်းသီးစိုက်တောင်သူ များက ပြောပြသည်။
ကွမ်းသီးရောင်းဝယ်သူတစ်ဦးက “ကျမတို့ကတော့ ဒေသအစုံကို ပြန်လိုက်ရောင်းတယ်။ အရင်တုန်းက အခု တိုက်ပွဲဖြစ် တဲ့ မြဝတီဒေသဘက်ကိုလည်း သွားရောင်းတာရှိတယ်။ ထိုင်းဘက်ကိုလည်း ပို့တာရှိတယ်။ မြို့တွေမှာလည်း သွား ရောင်းတာ ရှိတယ်။ အခု တိုက်ပွဲအခြေအနေကြောင့် တချို့နေရာက သွားရောင်းလို့ အဆင်မပြေဘူး။ ကွမ်းသီးစျေးမရှိ တော့ အဝယ်ခဏရပ်ထားလိုက်တယ်။ ဒီတစ်လ အခြေအနေကြည့်လိုက်မယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကရင်ပြည်နယ် ဖားအံမြို့ထဲတွင် ယခုနှစ် ကွမ်းသီး အသစ်စပေါ်သည့်အချိန်၌ တစ်ပိဿာလျှင် ၈၅၀၀ကျပ် ပေါက်စျေးရှိသော်လည်း ယခုအချိန်တွင် ၇၀၀၀ကျပ်ဝန်းကျင်သာ စျေးနှုန်းရှိတော့ကြောင်း ကွမ်းသီးရောင်းဝယ်သည့် ဆိုင်များထံမှ သိရသည်။



















