Home သတင်း စစ်ရှောင်နေရသဖြင့် ကော့ကရိတ်တောင်ပိုင်း မြေပဲစိုက်တောင်သူများ အရှုံးခံရောင်းချနေရ

စစ်ရှောင်နေရသဖြင့် ကော့ကရိတ်တောင်ပိုင်း မြေပဲစိုက်တောင်သူများ အရှုံးခံရောင်းချနေရ

1090
Photo: CJ

ဖေဖော်ဝါရီ၊ ၂၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်၊ တောင်ပိုင်းရှိ ကျေးရွာများတွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်တိမ်းနေကြရသူ မြေပဲစိုက်တောင်သူများမှာ မြေပဲကို အချိန်မှီ နုတ်ယူရောင်းချနိုင်ခြင်းမရှိသဖြင့် အရှုံးခံကာ ရောင်းချနေရကြောင်း ဒေသခံများထံမှ သိရသည်။

အောင်ဖကြီးရွာရှိ မြေပဲစိုက်တောင်သူ အမျိုးသမီးတစ်ဦးက “မြေပဲက နုတ်ပြီးသွားပြီး။ နေ့ပိုင်း မြေပဲပြန်လာနုတ်ပြီး ညပိုင်း စစ်ရှောင်နေရတယ်။ မြန်မြန်နုတ်၊ မြန်မြန်ချွေ အဲလိုလုပ်ရတယ်။ တချို့ကတော့ နေပူထဲ မလှန်းတော့ဘူး။ ချွေ ပြီးတာနဲ့ ရောင်းလိုက်တယ်။ အရင်ကတော့ အပင်ပမ်းခံပြီး ခြောက်သွားတဲ့ မြေပဲကိုပဲ ရောင်းတော့စျေးကောင်းတယ်။ အခုက တချို့ဆို နုတ်ပြီးတာနဲ့ ရောင်းလိုက်တယ်။ စစ်ရှောင်ရတဲ့အခြေအနေဆိုတော့ အရှုံးခံပြီး ရောင်းလိုက်တာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းနယ်မြေထဲတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဝင်ရောက်တပ်စွဲနေသည့်အပြင် ကျေးရွာများထဲသို့ လက် နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေခဲ့သည့်အတွက် စစ်ရှောင်နေသော မြေပဲစိုက်တောင်သူများမှာ မြေပဲပင်ကို ပြန် နုတ်ရန် ခက်ခဲသွားသည်သာမက မြေပဲကို ပြန်လည်ရောင်းချရာတွင်လည်း ဝယ်ယူသူ နည်းပါးသွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

ကော့ကရိတ်တောင်ပိုင်းဒေသမှ ထွက်ရှိသည့် အခွံပါ မြေပဲခြောက် တစ်တင်းကို ယခင်က ၁၃,၀၀၀ကျပ် စျေးရှိရာကနေ ယခုနှစ်တွင် ၁၅,၅၀၀အထိ စျေးနှုန်း အနည်းငယ် တက်လာသော်လည်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသအတွင်းသို့ သွားရောက်ဝယ်ယူသူများ နည်းပါးသွားခဲ့ခြင်းဖြစ်သည်။

Photo: CJ

မြေပဲရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက “မြေပဲရောင်းချင်တဲ့ လူတွေက အများကြီးရှိတယ်။ ကျမတို့လိုက်ဝယ်တာက လည်း ထိုင်းဘက်ကို သွားသွင်းလို့။ ကျိုက်ဒုံဘက်ကနေ ကျိတ်ကျေးရွာဒေသတစ်ဝိုက်ပဲ ကျမတို့ သွားဝယ်နိုင်တယ်။ အစက ၃၃ဆူအထိ သွားဝယ်တယ်။ နောက်ပိုင်း တိုက်ပွဲအခြေအနေက သိပ်မကောင်းတော့ အဲဒီဘက်မသွားဝယ်တော့ ဘူး။ အဲဒီမှာရှိတဲ့လူတွေကလည်း တိုက်ပွဲကြောင့် မြို့ထဲကိုသွားပို့လို့ အဆင်မပြေဘူးဖြစ်တယ်။ ဝယ်သူမရှိဘူးလို့ ပြော ကြတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် နုတ်ပြီးသားမြေပဲကို မခြောက်သေးဘဲ ဝယ်ယူပါက စျေးသက်သာမှုရှိသော်လည်း မြေပဲမှာ မှိုတက်ပြီး ပျက်စီး လွယ်သဖြင့် မြေပဲအရောင်းအဝယ်လုပ်သူ အများစုက အထားခံသည့် မြေပဲအခြောက်ကိုသာ ဝယ်ယူကြသည်ဟု သိရ သည်။

ကော့ကရိတ်တောင်ပိုင်းရှိ ဒေသခံလူထုအချို့သည် ၂၀၂၂၊ ဇန်နဝါရီလကတည်းက တိုက်ပွဲကြောင့် ထွက်ပြေးနေခဲ့ရပြီး ယင်းသို့ တိုက်ပွဲတိမ်းရှောင်နေရချိန်က မြေပဲနုတ်ချိန် မရောက်သေးသဖြင့် အချို့မြေပဲခင်းများမှာ ပိုင်ရှင်မရှိ၍ ကျွဲ၊ နွား၊ ဆိတ်များ ဝင်စားခြင်းနှင့် စိုက်ခင်းအချို့ ပျက်စီးသွားခြင်းများလည်း ရှိခဲ့သည်။

အဆိုပါဒေသရှိ ကမိုင်ကုန်းရွာ၊ အောင်ဖလေးရွာ၊ ကော့နွဲ ၊ ရွာသစ်၊ ရွာသစ်ကုန်း အံကလော်နှင့် အနီးအနားကျေးရွာများ မှ ဒေသခံပြည်သူများမှာ လုံးဝ အိမ်ပြန်မနေရဲသေးသလို အချို့ကျေးရွာများသည် နေ့ဘက်တွင် ရွာပြန်ရောက်လာကာ ညပိုင်းတွင် ရှောင်တိမ်းနေရဆဲ အခြေအနေ၌သာရှိနေသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲတွင် လက်နက်ကြီးနှင့်ပစ်ခတ်နေဆဲ အိမ်ပြန်သည့် ကမိုင်ကုန်းရွာန အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသည့်အပြင် အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။