Home COVID-19 အလွယ်ကူဆုံး အရိုးရှင်းဆုံး နည်းလမ်းနဲ့ကာကွယ်ကြပါစို့

အလွယ်ကူဆုံး အရိုးရှင်းဆုံး နည်းလမ်းနဲ့ကာကွယ်ကြပါစို့

1385
Photo: Internet

အလွယ်ကူဆုံး အရိုးရှင်းဆုံး နည်းလမ်းနဲ့ကာကွယ်ကြပါစို့

မြတ်သုတ

(၂၄-၂-၂၀၂၂)

လေးစားအပ်ပါသော မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမများခင်ဗျား
မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံးအနှံ့ ကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ် -၁၉ ကပ်ရောဂါကို ဘယ်လိုရင်ဆိုင် ကာကွယ်ကြမလဲ ဆိုတာနဲ့ပတ်သက်ပြီး ရပ်သုံးရွာသုံးစကားတွေနဲ့ပဲ ဆွေးနွေးတင်ပြချင်ပါတယ်။
အားလုံး အလွယ်တကူ သိရှိနားလည်ပြီး လိုက်ပါလုပ်ဆောင်နိုင်မယ့် နည်းလမ်းများကို တိကျရှင်းလင်းစွာ ဆွေးနွေးတင်ပြပါ့မယ်။

“မိမိကစ ကာကွယ်ပါ”
ကိုဗစ် – ၁၉ ကပ်ရောဂါကို ရင်ဆိုင်ဖို့ အလွယ်ကူဆုံးနဲ့ ပထမဆုံးအချက်က “မိမိကစ ကာကွယ်ပါ”ဆိုတဲ့ အချက်ပါပဲ။ ဘာကြောင့် မိမိကစပြီး ကာကွယ်ရမလဲ။ ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာပေါ်က ဘယ်သူ့ကိုမဆို ကူးစက်နိုင် လို့ပါပဲ။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဗြိတိန်နိုင်ငံက သက်တော်ကြီးရင့်နေပြီဖြစ်တဲ့ ဘုရင်မကြီးအဲလိစဗက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့သတင်းကို ကြားသိကြမှာပါ။ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ်သတင်းစာထဲမှာလည်း ၆နှစ်အောက် ကလေးသူငယ်တစ်သိန်းလောက်ဟာလည်း ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းတွေက ဘာကို ပြောပြနေပါသလဲ။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ လူမှုအဆင့်အတန်းမရွေး၊ အသက် အရွယ်မရွေး ကူးစက်နိုင်တယ်။ အင်မတန်ကောင်းမွန်တဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးစနစ်တွေ ပြုလုပ်ထားရှိတဲ့ ဘက်ကင် ဟန်နန်းတော်ထဲက ဘုရင်မကြီး အဲလိစဗက်ကိုတောင် ကိုဗစ်-၁၉ ရောဂါကပ်ဟာ အလွယ်တကူ ကူးစက်နိုင်တယ်ဆို တဲ့အချက်ကို ပြောပြနေပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဘယ်သူ့ကိုမဆို အလွယ်တကူ ကူးစက်နိုင်ပါ တယ်။
ဒါကြောင့် “မိမိကစ ကာကွယ်ပါ”။

ဘယ်လိုကာကွယ်ရမလဲ။ အောက်ပါအချက် ၇ချက်ကို မိမိကိုယ်တိုင်၊ မိမိမိသားစုဝင်များ၊ မိမိအိမ်နီးပတ်ဝန်း ကျင်၊ မိမိရပ်ကွက်၊ ကျေးရွာတစ်ခုလုံးအထိ မပျက်မကွက် လိုက်နာဆောင်ရွက်ဖို့ ဆွေးနွေးအသိပေးပါ။
၁။ အပြင်သွားတဲ့အခါတိုင်း နှာခေါင်းစည်း စနစ်တကျ တပ်ပါ။
၂။ အစားမစားမီ၊ အစာစားပြီး၊ အညစ်အကြေးစွန့်ပြီးတိုင်း၊ အပြင်ကပြန်လာတဲ့အခါတိုင်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ကြာ စနစ်တကျ ပွတ်တိုက်ဆေးကြောပါ။
၃။ မလိုအပ်ဘဲ လူစုလူဝေးရှိရာကို မသွားပါနဲ့။
၄။ ကိုဗစ်-၁၉ ကာကွယ်ကုသရေးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက် နာဆောင်ရွက်ပါ။
၅။ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာများကို စားပါ။ အိပ်ရေးဝဝအိပ်ပါ။ ကိုယ် လက်လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပါ။
၆။ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ကွမ်းယာ စတာတွေ သောက်ရှူစားသုံးတာကို လျော့ချပါ။ ဖြစ်နိုင်က ဖြတ်ပါ။
၇။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို (၃)ကြိမ်ပြည့်အောင် စနစ်တကျ ထိုးပါ။

အထက်ပါ အချက် ၇ချက်ကို မိမိကစပြီး တိကျစွာ လိုက်နာဆောင်ရွက်မယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကို အလွယ်တကူ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
မိမိကစပြီး ကာကွယ်တဲ့အတွက်။ ပထမဦးစွာ မိမိကိုယ်တိုင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်စက်မယ့် ဘေး အန္တရာယ်ကို ကြိုတင်ကာကွယ်ထားနိုင်ပါလိမ့်မယ်။ အကယ်၍ ကူးစက်ခံရလျှင်လည်း ပြင်းထန်တဲ့ရောဂါဝေဒနာ ခံစား ရမှုတွေနဲ့ ဆေးရုံတက်ရတဲ့အထိ ဆိုးရွားတဲ့၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ပါလိမ့် မယ်။ ဒါဟာ မိမိတစ်ဦးချင်းရရှိနိုင်မယ့် အကျိုးကျေးဇူးဖြစ်ပါတယ်။

ဒုတိယအကျိုးက မိမိကစပြီး အသိရှိရှိ ကာကွယ်ထားတဲ့အတွက် မိမိ မိသားစုဝင်တွေဖြစ်တဲ့ အဘိုးအဘွား တွေ၊ မိဘ၊ ညီအစ်ကိုမောင်နှ၊ ဇနီး၊ သားသမီး စသဖြင့် မိမိအိမ်သားအားလုံးကို အလွယ်တကူ မကူးစက်နိုင်တော့ပါဘူး။ အထက်မှာ တင်ပြထားတဲ့ အချက် ၇ချက်ကိုလည်း မိသားစုအားလုံး သိရှိနားလည်သဘောပေါက်ပြီး လိုက်နာလာစေဖို့ မိမိကိုယ်တိုင်က ပြောပြ ဆွေးနွေးဖို့လိုအပ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ လူတိုင်းကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူများ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါအခံ တစ်မျိုးမျိုးရှိနေသူ များကို ကူးစက်နိုင်ဖို့ ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးတဲ့ ဖော်ပြပါ ရောဂါအခံ တစ်မျိုးမျိုးရှိနေတဲ့ မိမိ ဘိုးဘွား၊ မိဘတွေကို မကူးစက်အောင် မိမိကစပြီး ကာကွယ်ရမှာပါ။

ဒါကြောင့် မိမိနဲ့ မိမိ မိသားစုတွေကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးနဲ့ ပတ်သက်ပြီး စနစ်တကျ ဆွေးနွေး အသိပညာပေးပြီးတဲ့အခါ မိမိအိမ်နီးပတ်ဝန်းကျင်ကို အသိပေးဆွေးနွေးဖို့ပါ။ အဲဒီကမှတဆင့် မိမိရပ်ရွာ၊ မိမိ ကျေးရွာတစ်ခုလုံးကို တစတစတိုးချဲ့ပြီး နေ့စဉ် ဆော်ဩအသိပေးသွားဖို့ပါပဲ။ ကိုဗစ်-၁၉ ကပ်ရောဂါကို စုပေါင်းရင် ဆိုင်ပြီး ကာကွယ်ကြရမှာပါ။ စုပေါင်းအားနဲ့ ရင်ဆိုင်ကျော်လွှားကြရမှာပါ။ ကိုယ်နဲ့ကိုယ့်မိသားစုကိုပဲ ကွက်ပြီး ကာကွယ်နေလို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ မရနိုင်ပါဘူး။

ကိုဗစ်-၁၉ ကပ်ရောဂါဟာ တစ်ဦးချင်း အသက်အရွယ်၊ တစ်ကိုယ်ရေ ကျန်းမာကြံ့ခိုင်မှု၊ နာတာရှည်ရောဂါခံ ရှိ/မရှိ၊ ကာကွယ်ဆေး (၃)ကြိမ် ထိုးပြီး/မပြီး စတဲ့အချက်တွေပေါ် မူတည်ပြီး ကူးစက်မှုနဲ့ ရောဂါခံစားရမှု အခြေအနေ တွေ ခြားနားတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူ၊ တစ်ကိုယ်ရေ ကျန်းမာရေးချိနဲ့သူ၊ နာတာရှည်ရောဂါခံ တစ်ခုခုရှိ နေသူ၊ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးတဲ့သူတွေကို ပိုပြီး ကူးစက်နိုင်ချေများသလို ဝေဒနာခံစားရမှုလည်း ပိုပြီး ပြင်းထန်စေနိုင်ပါတယ်။ အသက်ဆုံးရှုံးတဲ့အထိ ဘေးအန္တရာယ် ကျရောက်စေနိုင်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်သမျှ ကာကွယ်ဆေး (၃)ကြိမ်ကို စနစ်တကျထိုးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၃)ကြိမ်အပြည့်ထိုးပြီးထားရင် မကူးစက်နိုင်ဘူးလား။ လုံးဝ မကူးစက်နိုင်ဘူးလို့တော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက အာမခံချက် ပေးမထားပါဘူး။ ကာကွယ်ဆေး အပြည့်အဝ မထိုးထားရသေးတဲ့သူတွေဟာ ကူးစက်ခံရနိုင်တဲ့ဘေး၊ ပြင်းထန်တဲ့ဝေဒနာ ခံစားရမှုဘေး၊ ဆေးရုံတက်ရတဲ့အထိ အန္တရာယ်ရှိတဲ့ဘေး၊ အသက် အန္တရာယ်စိုးရိမ်ရတဲ့အထိ စတဲ့ ဘေးအန္တရာယ်တွေကိုတော့ ရင်ဆိုင်ရဖို့ ရာခိုင်နှုန်းအင်မတန်များပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်ထိုးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးမထိုးမီမှာလည်း သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူများ (ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး မှူး)ထံ မိမိရဲ့ ကျန်းမာရေးအခြေအနေကို အရှိကို အရှိတိုင်း အပိုအလိုမရှိ တိကျစွာ အသိပေးပြောကြားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ (နာတာရှည်ရောဂါတစ်မျိုးမျိုး ရှိနေသလား၊ ဓမ္မတာ(ရာသီ)လာနေသလား၊ ကိုယ်ဝန်ရှိနေသလား) စသဖြင့် ပွင့်လင်းစွာ ကြိုတင်အသိပေးဖို့ လိုအပ်ပါတယ်)

ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း ကာကွယ်ဆေးထိုးလို့ဖြစ်ပေါ်လာတဲ့ ‌ကာကွယ်ဆေးရဲ့တုန့်ပြန်မှုတွေကို ခံစားကြရပုံကလည်း လူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်တာကို သတိပြုပါ။ တချို့လူတွေအဖို့ သာမန်နာကျင်မှုပဲဖြစ်ပြီး တချို့လူတွေမှာတော့ ကြီးမားတဲ့နာကျင်မှုနဲ့ ဖျားနာမှုတွေအထိ ဖြစ်တတ်ပါတယ်။ ဒီအခါမှာလည်း သက်ဆိုင်ရာ ကျန်း မာရေးဌာနကို အမြန် ဆက်သွယ်အသိပေး အကြောင်းကြားဖို့ လိုအပ်ပါတယ်။ အများစုကတော့ ပါရာစီတမောကဲ့သို့ အကိုက်အခဲ ပျောက်ဆေးသောက်တာနဲ့ သက်သာပျောက်ကင်းသွားတတ်ကြပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုပါပဲ။ ဖျားနာနေစဉ်မှအပ နေ့စဉ်ရေချိုးပါ။ ခြေသည်း လက်သည်းလှီးပါ။ ဆံပင်တိုတိုညှပ်ပါ။ အိပ်ယာဝင်၊ အိပ်ယာထနဲ့ အစာစားပြီးတိုင်း သွားတိုက်ပါ။ ပလုပ်ကျင်းပါ။

မိမိအသုံးပြုပြီးတဲ့ နှာခေါင်းစည်းကို အိတ်တစ်ခုခုမှာထည့်ပြီး စနစ်တကျ စွန့်ပစ်ပါ။ မိမိခန္ဓာကိုယ်ကထွက်တဲ့ အညစ်အကြေး(တံတွေး၊ သလိပ်၊ ဆီး၊ ဝမ်း)တွေကို စနစ်တကျ စွန့်ပစ်ပါတယ်။ အစာမစားမီနဲ့ အစာစားပြီးတိုင်း လက်ကို စင်ကြယ်စွာဆေးပါ။ ဆီး/ဝမ်းသွားပြီးတိုင်း လက်ကို စင်ကြယ်စွာဆေးပါ။

အစားအစာ၊ ဆေးဝါးနဲ့ အခြားပစ္စည်းတစ်စုံတစ်ခုကို တစ်ဦးနဲ့တစ်ဦး၊ တစ်အိမ်နဲ့တစ်အိမ် အပြန်အလှန် ပေးပို့ ကြတာမှာလည်း ပေးသူရောလက်ခံသူပါ ၂ဦးစလုံးရဲ့ လက်ကို အရက်ပျံ သို့မဟုတ် လက်ဆေးရည်နဲ့ ဆေးကြောဖို့ လိုအပ်သလို ပေးပို့သော ပစ္စည်း သို့မဟုတ် အထုတ်ကို အရက်ပျံ သို့မဟုတ် လက်ဆေးရည် ဖြန်းပြီးမှ ဖွင့်ဖောက်ကြည့် သင့်ပါတယ်။

သားငါးဟင်းသီးဟင်းရွက်များကို စနစ်တကျဆေးကြောပါ။ ပူပူနွေးနွေး ချက်ပြုတ်စားပါ။ လုံခြုံအောင် ဖုံးအုပ် ထားပါ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ သား၊ငါး၊ ကြက်ဥ၊ နွားနို့၊ ပဲနို့၊ ပဲအမျိုးမျိုးတို့ကို စုံလင်စွာစားသုံးပါ။ အိပ်ရေးဝဝ အိပ်ပါ။

မိမိရပ်ကွက်၊ ကျေးရွာပတ်ဝန်းကျင်ကဖြစ်စေ၊ မိသားစုအတွင်းကဖြစ်စေ ကိုဗစ်-၁၉ ဖြစ်ပွားသူနဲ့သက်ဆိုင်ရာ သူ့မိသားစုကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာ တတ်နိုင်သလောက် အားပေးကူညီကြပါ။ အားပေးစကားပြောကြားခြင်း၊ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ၊ ဆေးဝါးများ ပေးပို့ကူညီခြင်း အပြန်အလှန် ပြုလုပ်ကြပါ။ ဒါ့အ ပြင် ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတတ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့သက်ဆိုင်တဲ့ ချဲ့ကားလုပ်ကြံ ပုံဖျက်ထားတဲ့ သတင်း တု၊ သတင်းမှားတွေ၊ ကျန်းမာရေး အသိမှား၊ အမြင်မှား ဖြန့်ဝေနေတာတွေ၊ တလွဲဆေးဝါးတွေ၊ မမှန်ကန်တဲ့ ကုသမှု တွေကို မယုံကြည်ကြပါနဲ့။ အယုံလွယ်ပြီး မိမိကိုယ်တိုင်ကလည်း ထပ်ဆင့် မဖြန့်ဝေမိကြပါစေနဲ့။

အပူတက်ခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ပုံမှန် မဟုတ်တဲ့ ဝမ်းပျက်ဝမ်းလျောခြင်းများ ဖြစ်ပေါ်ခံစားလာရပါက နီးစပ်ရာဆေးခန်းဆေးရုံသို့ အချိန်မီ သွားရောက် ပြသပြီး ကုသမှုခံယူပါ။ အထက်မှာ တင်ပြဆွေးနွေးခဲ့တဲ့ အချက် ၇ချက်နဲ့ကိုသာ လူတိုင်းလူတိုင်းက တိတိကျကျ လိုက် ပါလုပ်ဆောင်ကြမယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကို အလွယ်တကူ ကာကွယ်ကုသ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ အခြားနည်းလမ်းများနဲ့ ကာကွယ်ကုသဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် မည်သည့် ကပ်ရောဂါကိုဖြစ်စေ၊ မည်သည့် နာတာရှည်ရောဂါကိုဖြစ်စေ ကာကွယ်ကုသရာမှာ လူနာ၊ လူနာရဲ့မိသားစုမှာ မှန်ကန်တဲ့ ကျန်းမာရေးအသိနဲ့ ဗဟုသုတရှိမယ်။ မှန်ကန်ပြီး စနစ်တကျတဲ့ဆေးဝါးကုသမှုကို အချိန်မီ ခံယူကြမယ်ဆိုရင် အလွယ်တကူ သက်သာ ပျောက်ကင်းစေနိုင်ပါလိမ့်မယ်။

လွယ်ကူလှတဲ့ အောက်ပါအချက်တွေကို မိမိကစပြီး ကာကွယ်ပါ၊ မပျက်မကွက် လိုက်ပါ လုပ်ဆောင်ကြပါလို့ မိဘ ပြည်သူများ၊ ညီအစ်ကိုမောင်နှမများကို အလေးအနက်တိုက်တွန်းပါရစေ။

အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ပါ။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ။ မလိုအပ်ဘဲ လူစုလူဝေးရှိရာ မသွားပါနဲ့၊ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာများကို စားပါ၊ အိပ်ရေးဝဝအိပ်ပါ၊ ကာကွယ် ဆေး (၃) ကြိမ်ထိုးပါ။

ကိုဗစ် – ၁၉ ကပ်ဆိုးရောဂါကို စုပေါင်းအားနဲ့ ရင်ဆိုင်ကာကွယ် ကျော်လွှားကြပါစို့။
လေမြေရေ သန့်ရှင်းသာယာပြီး ကျန်းမာပျော်ရွှင်တဲ့ လူ့ကမ္ဘာလောကကြီးကို စုပေါင်းအားနဲ့ တည်ဆောက်ကြပါစို့။