Home COVID-19 လေးကေ့ကော်စစ်ရှောင် ၁၈ဦး အိုမီခရွန်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ၊ ကလေးငယ် များ ပါဝင်

လေးကေ့ကော်စစ်ရှောင် ၁၈ဦး အိုမီခရွန်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ၊ ကလေးငယ် များ ပါဝင်

1193

ဖေဖော်ဝါရီ ၂၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

လေးကေ့ကော်ဒေသတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံ အရပ်သား ၁၈ဦးမှာ ကိုဗစ်ပိုးမျိုးကွဲသစ် အိုမီခရွန် ကူးစက် ခံရသည်ကို စစ်ဆေးတွေ့ရှိရပြီး ကူးစက်ခံရမှုတွင် ကလေးသူငယ်များ ပါဝင်နေကြောင်း ၎င်းတို့ကို အကူအညီပေးနေ သည့် တာဝန်ရှိသူများထံမှ သိရသည်။

ထိုဒေသရှိ ဖျားနာနေသူ စစ်ရှောင်ပြည်သူတစ်ဦးကို သက်ဆိုင်ရာ ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေသူများက စစ် ဆေးရာတွင် ကိုဗစ်ကူးစက်ခံရမှု တွေ့ရှိရပြီးနောက် ၎င်းနေရာရှိ စစ်ရှောင်ပြည်သူ ၅၀၀ကျော်ကို စစ်ဆေးရာ ၁၅ဦးမှာ ကူးစက်ခံထားရကြောင်း ကနဦး တွေ့ရှိခဲ့ပြီး ယနေ့တွင် ၃ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း စစ်ဘေးရှောင်များကိုကူညီ ပေးနေသည့် တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက လူနာတစ်ယောက်ဖျားလို့ လာပြတော့ ဆရာက မသင်္ကာလို့ စစ်ကြည့်တော့ ၂ယောက် ပေါ်တယ်။ အဲ့လို ၂ယောက်ပေါ်တော့ KDHW ကျန်းမာရေးဌာနကို တင်ပြလိုက်တော့ သူတို့က ကိုဗစ်စစ်တဲ့ ပစ္စည်းကို ပို့ပေးလာပြီး မနေ့က စစ်ဆေးကြည့်တယ်။ အယောက် ၅၅၀မှာ ၁၅ယောက် ပေါ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းကိုဗစ်ပိုး စစ်ဆေးတွေ့ရှိချက်များအရ အရွယ်စုံ ကူးစက်ဖြစ်ပွားနေပြီး ၂နှစ် ၃နှစ်အရွယ် ကလေးသူငယ်များလည်း ပါဝင်သဖြင့် လက်ရှိ ၎င်းကူးစက်ခံနေရသူများကို သီးသန့် နေရာချထားမှုများ ပြုလုပ်ပေးထားပြီး စစ်ဘေးရှောင်ဝင်းအ တွင်း ဝင်ထွက်သွားလာမှုများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ပေးနေကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

ကိုဗစ်ရောဂါပိုး မျိုးကွဲသစ် အိုမီခရွန် ကူးစက်မှုကာလတွင် စစ်ဘေးရှောင်စခန်းတွင် တွေ့ရှိသည့်အချိန်မှစ၍ ရောဂါပိုး ကူးစက်မှုရှိမရှိကို ဖေဖော်ဝါရီလ ၂၁ရက်မှ စတင်ကာ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ပိုးတွေ့ရှိသူများအား သီးသန့်ထားကာ စောင့်ကြည့်ကုသပေးလျှက်ရှိကြောင်းလည်း လေးကေကော်ဒေသ ကျန်းမာရေးအဖွဲ့က ပြောသည်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကျန်တဲ့နေရာတွေလည်း ဆက်စစ်ဖို့တော့ လုပ်နေတယ်။ စစ်ရှောင်တွေကိုလည်း ကိုဗစ်စည်းကမ်းနဲ့အညီ နေထိုင်ကြဖို့ ကျမတို့ နိုးဆော်ထားတယ်။”ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင် အစုအဖွဲ့များမှာ စစ်ကောင်စီ စစ်ကြောင်းများ အင်အားတိုးချဲ့ စခန်းချနေသည့် လေးကေကော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ ပဟိကလော၊ ဖလူးလေး၊ ဖလူးကြီးကျေးရွာများမှ ဒေသခံပြည်သူများဖြစ်ကြပြီး စစ်ဘေးရှောင် မိသားစု ၂၀၀၀ကျော်မှ လူဦးရေ ၅၈၀၀ကျော်မှာ ယနေ့အချိန်ထိ သောင်ရင်းမြစ်ကမ်းဘေးနေရာများတွင် အစုအဖွဲ့အ လိုက် စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

လေးကေ့ကော်ဒေသအတွင်း ယခုလ ဖေဖော်ဝါရီ ၁၅ရက်နေ့ကစပြီး တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ သလို ရာသီအချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့်လည်း စစ်ဘေးရှောင် အများအပြား ဖျားနာနေကြသလို ကျန်း မာရေးအခက်အခဲများကြောင့် စစ်ဘေးရှောင်များမှာ စိတ်ဓါတ်ကျဆင်းမှုများဖြစ်နေကြသည်။

ထို့အပြင် ၎င်းတို့၏ယာယီနေရာ ထိုင်ခင်းများ ပြန်လည်ပြင်ဆင်မွမ်းမံရာတွင်လည်း ကူညီပံ့ပိုးမှုများ လိုအပ်နေဆဲဖြစ် ကြောင်း လေးကေကော်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။