Home သတင်း ‌နွေဦး‌တော်လှန်‌ရေးသည် လူတစ်စုတစ်ဖွဲ့အကျိုးအတွက် မဟုတ်‌ကြောင်း NUG အစိုးရ ပြည်‌ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း‌ပြော

‌နွေဦး‌တော်လှန်‌ရေးသည် လူတစ်စုတစ်ဖွဲ့အကျိုးအတွက် မဟုတ်‌ကြောင်း NUG အစိုးရ ပြည်‌ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း‌ပြော

1167

ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ ‌နွေဦး‌တော်လှန်‌ရေးသည် လူတစ်စု တစ်ဖွဲ့အကျိုးအတွက် မဟုတ်‌ကြောင်း အမျိုးသားညီညွတ်‌ရေး အစိုးရ-NUG ၏ ပြည်‌ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယ‌နေ့ ဇန်နဝါရီလ ၂၇ ရက်‌နေ့တွင် ကျင်းပသည့် ပြည်သူ့ညီလာခံဖွင့်ပွဲအခမ်းအနား၌ ‌ပြောကြားခဲ့သည်။

အမျိုးသား ညီညွတ်‌ရေးအတိုင်ပင်ခံ‌ကောင်စီ(NUCC)က ဦး‌ဆောင်ပြီး အွန်လိုင်း‌ပေါ်တွင် ပြုလုပ်ကျင်းပ‌နေသည့် ယ‌နေ့ ပြည်သူ့ ညီလာခံဖွင့်ပွဲ အခမ်းအနား အဖွင့်အမှာစကားတွင် ပြည်‌ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုလို ထည့်သွင်း‌ပြောကြားခဲ့သည်။

၎င်းက “လက်ရှိ ‌နွေဦး‌တော်လှန်‌ရေးဟာ ပြည်သူ့‌တော်လှန်‌ရေးဖြစ်ပါတယ်။ လူတစ်ဖွဲ့၊ လူတစ်စုရဲ့ အကျိုးစီးပွား ကိုရယူ ဖို့ဆင်နွှဲ‌နေတဲ့‌တော်လှန်‌ရေး မဟုတ်ပါဘူး။ လူတစ်စု၊ လူတစ်ဖွဲ့က ‌စေခိုင်းကြီးကြပ်တဲ့‌တော်လှန်‌ရေးလည်း မဟုတ်ပါဘူး။ နိုင်ငံသူနိုင်ငံသား ပြည်သူတစ်ရပ်လုံးရဲ့အကျိုးစီးပွားအတွက် ပြည်သူများကိုယ်တိုင် ဦး‌ဆောင် ပါဝင်တဲ့‌တော်လှန်‌ရေးဖြစ်ပါတယ်။ ”ဟု ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်‌ကောင်စီအပါအဝင် စစ်တပ်‌ထောက်ခံသူများက လက်ရှိ ‌နွေဦး‌တော်လှန်‌ရေးအ‌ပေါ် ပါတီနိုင်ငံ‌ရေး အနီ၊ အစိမ်းပြဿနာအ‌နေဖြင့် မီး‌မောင်းထိုးပြ‌နေကြသလို ‌တော်လှန်‌ရေးတွင် ကဏ္ဍ‌ပေါင်းစုံမှ ပါဝင်ဆင်နွှဲ ‌နေကြသူတချို့မှ လူပုဂ္ဂိုလ်၊ ပါတီစွဲ၍ ‌ကြွေး‌ကြော်ပါဝင်‌နေခြင်းအ‌ပေါ် တခြား‌သော တိုင်းရင်းသားလူမျိုးစု တစ်ချို့၏ ‌ဝေဖန်မှုမြှင့်တက်‌နေစဉ်တွင် ယခုလို ပြည်‌ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သူ၏ အဖွင့်အမှာစကားတွင် ထည့်သွင်း‌ပြောဆိုသွားခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိ ‌နွေဦး‌တော်လှန်‌ရေး ကာလအတွင်း နိုင်ငံ‌ရေးအရ အမျိုးသားညီညွတ်‌ရေး အတိုင်ပင်ခံ ‌ကောင် စီတွင် ဖက်ဒရယ်ဒီမိုက‌ရေစီ ပဋိညာဉ် ‌ရေးဆွဲခြင်းအပြင် ပြည်သူ့ ဘက်‌တော်သား ‌တော်လှန်‌ရေး အင်အားစုများ ကြားတွင် အ‌ရေးကြီးသည့် နိုင်ငံ‌ရေးအရ ပူး‌ပေါင်းညှိနှိုင်း‌ဆောင်ရွက်မှုများ ရှိ‌နေ‌ကြောင်းလည်း ပြည်‌ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ အဖွင့်အမှာစကားတွင် ဆက်လက်ထည့်သွင်း‌ပြောဆိုထားသည်။

ယ‌နေ့ ညီလာခံကို ဖက်ဒရယ် ဒီမိုက‌ရေစီ ပဋိညာဉ်ကို သ‌ဘောတူသည့် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ဖြစ်သည့် ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု ‌ကော်မတီ(CRPH)၊ နိုင်ငံ‌ရေးပါတီများ၊ သမဂ္ဂများ၊ သပိတ်‌ခေါင်း ‌ဆောင်များ၊ လူငယ်၊ အမျိုးသမီးများ၊ လူနည်းစုဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ CDM ဝန်ထမ်းများနှင့် တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ်ကိုယ်စား ပြု‌ကော်မတီများ ပါဝင်တက်‌ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ အစုအဖွဲ့ ကိုယ်စားပြု ကိုယ်စားလှယ်များကလည်း အမှာစကား အသီးသီး ‌ပြောဆိုသွားခဲ့ကြသည်။

ယ‌နေ့ ဇန်နဝါရီလ ၂၇ ရက်မှ ၃ဝ ရက်‌နေ့အထိ ပြုလုပ်ကျင်းပသွားမည့် ပထမအကြိမ် ပြည်သူ့ညီလာခံတွင် ပြန်လှန်ညှိနှိုင်း‌ဆွေး‌နွေးပြုပြင်ထားသည့် ဖက်ဒရယ်ဒီမိုက‌ရေစီ ပဋိညာဉ်ကို အတည်ပြုခြင်းနှင့် ‌နွေဦး‌တော် လှန်‌ရေး ‌အောင်မြင်နိုင်‌ရေးအတွက် အချက်အခြာကျသည့် ‌ဆွေး‌နွေး ညှိနှိုင်းမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ် သည်ဟု သိရသည်။

အလားတူ ယ‌နေ့ ပြည်သူ့ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမျိုးအ‌ခြေပြုအတိုင်ပင်ခံ ‌ကောင်စီ အစုအဖွဲ့ကိုယ်စားပြု‌ပြောကြားသွားသည့် ခွန်မြင့်ထွန်း၏ အဖွင့်မိန့်ခွန်းတွင်လည်း ဖက်ဒရယ် ဒီမို‌ရေစီ ပြည် ‌ထောင်စု ထွန်းကားလာ‌ရေးအတွက် အ‌ရေးကြီးလိုအပ်‌နေသည်မှာ အမျိုးသားညီညွတ်‌ရေးဖြစ်ပြီး လူမျိုးကြီး ဝါဒကို အ‌ခြေခံသွား၍ မရ‌ကြောင်းလည်း ယခုလို ထည့်သွင်း‌ပြောကြားခဲ့သည်။

“ကျ‌နော်တို့ အားလုံးရဲ့ ဘုံတူညီတဲ့ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း‌ရေးနဲ့ ဖက်ဒရယ် ပြည်‌ထောင်စု ထူ‌ထောင်‌ရေးအတွက်ကို မရှိမဖြစ်အရာက‌တော့ အမျိုးသားညီညွတ်‌ရေးပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်‌ယောက် တစ်စုတစ်ဖွဲ့၊ လူမျိုးတစ်မျိုးထဲက‌နေ ချုပ်ကိုင်လွှမ်းမိုး‌နေလို့ရှိရင် ကျ‌နော်တို့ လိုချင်တဲ့ပန်းတိုင်ကို ‌ရောက်မှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် ‌ပြောရရင် မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် တစ်မျိုးမျိုးက ချုပ်ကိုင်‌နေမယ်၊ ထွန်းကား‌နေမယ်ဆိုရင် ကျ‌နော်တို့ လိုလားတဲ့ ဖက်ဒရယ် ပြည်‌ထောင်စု စနစ် ဖြစ်‌ပေါ်လာဖို့ အ‌ကြောင်း မရှိပါဘူး” ဟု သူက ‌ပြောကြားခဲ့သည်။

၎င်းအပြင် လက်ရှိ ‌နွေးဦး‌တော်လှန်‌ရေးကာလသည် စစ်အာဏာရှင် စနစ်အပြီးသတ်ချုပ်ငြိမ်းရမည့် အချိုးအ‌ကွေ့ ကာလဖြစ်‌ကြောင်းနှင့် ‌တော်လှန်‌ရေးအင်အားစုများအားလုံးအ‌နေဖြင့် ဖြစ်နိုင်သမျှ စုစည်းသွားကြရန်လည်း ခွန်မြင့်ထွန်းက ဆက်လက်တိုက်တွန်း ‌ပြောကြားခဲ့သည်။

ယ‌နေ့ ပြည်သူ့ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အင်အားစု ကိုယ်စားပြု အဖွင့်မိန့်ခွန်း‌ပြောကြားသည့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) ဥက္ကဌ ခူဦးရယ်ကလည်း လက်ရှိ‌တော်လှန်‌ရေးသည် အနာဂတ်အတွက် တိုက်ပွဲဝင်‌နေခြင်းဖြစ်သလို မိမိသမိုင်းကို မိမိဘာသာ ဖန်တီး‌ရေးသားရမည့် ကာလဖြစ်‌ကြောင်းလည်း ထည့်သွင်း‌ပြောကြားခဲ့သည်။

အမျိုးသား ညီညွတ်‌ရေးအတိုင်ပင်ခံ ‌ကောင်စီ(NUCC) ဦး‌ဆောင်ပြီး ပြည်သူ့ညီလာခံကို ကျင်းပသွားရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်‌နေ့တွင် ပြုလုပ်သည့် NUCC ၏ ပထမဦးဆုံး‌သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်‌ဖော်‌ပြောဆိုပြီး‌နောက် ယခုလို ကျင်းပ‌နေခြင်းဖြစ်သည်။