ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)မှ ဦးဆောင်ကျင်းပသည့် ပထမဦးဆုံးအကြိမ် ပြည်သူ့ ညီလာခံ ဖွင့်ပွဲကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အွန်လိုင်းမှ တစ်ဆင့် စတင် ကျင်းပနေပြီး ဖြစ်သည်။
အာဏာရှင် အပြီးတိုင် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံ တည်ထောင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ စုပေါင်းပြီး နိုင်ငံရေး စီးပွားရေး လူမှုရေး၊ လုံခြုံရေး နှင့် အာဏာရှင် စနစ် တိုက်ဖျက်ရေးဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ မဟာဗျူဟာများနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ အစီအမံများ ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း ဖွင့်ပွဲ ကြိုဆိုမိန့်ခွန်းတွင် (GSCTN)သပိတ်ကိုယ်စားလှယ်မှ ကိုနောင်ချို က ပြောဆိုသွားသည်။
ယနေ့ ညီလာခံကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို သဘောတူသည့် အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ သပိတ်ခေါင်း ဆောင်များ၊ လူငယ်၊ အမျိုးသမီးများ၊ လူနည်းစုဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊CDM ဝန်ထမ်းများနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ်ကိုယ်စားပြုကော်မတီများ ပါဝင်တက်ရောက်နေကြခြင်းဖြစ်သည်။
အလားတူ ယနေ့ ဇန်နဝါရီလ ၂၇ ရက်မှ ဇန်နဝါရီလ ၃ဝ ရက်နေ့အထိ ၄ ရက်တာကျင်းပ ပြုလုပ်သွားမည့် ညီလာခံမှတစ်ဆင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြု ဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုပါ ပဋိညာဉ်ကို အချိန် နှင့်တပြေးညီ ပြည်သူလူထုများထံ ထုတ်ပြန်သွားမည်ဟုလည်း သိရသည်။
အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC) မှ ဦးဆောင်ပြီး ပြည်သူ့ ညီလာခံကို ကျင်းပသွားရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် NUCC ၏ ပထမဦးဆုံးသော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုပြီးနောက် ယခုလို ကျင်းပနေခြင်းဖြစ်သည်။



















