Home သတင်း စစ်‌ကောင်စီတပ်များ ‌မြေပြင်စစ်‌ရေး အ‌ရေးနိမ့်၍ ‌ဝေဟင်ဖြင့် ဖိအား‌ပေးတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ဟု KNU ‌ပြော

စစ်‌ကောင်စီတပ်များ ‌မြေပြင်စစ်‌ရေး အ‌ရေးနိမ့်၍ ‌ဝေဟင်ဖြင့် ဖိအား‌ပေးတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ဟု KNU ‌ပြော

978
Photo-KNU Mutraw News

ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့ နံနက် အ‌စောပိုင်းတွင် စစ်‌ကောင်စီဘက်မှ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) ဘက်သို့ ‌လေယာဉ်ဖြင့် ဝင်‌ရောက်တိုက်ခိုက်ခြင်းမှာ ‌မြေပြင်စစ်‌ရေး အ‌ခြေအ‌နေတွင် အ‌ရေးနိမ့်‌နေ ‌သော‌ကြောင့် ဖိအား‌ပေးသည့်အ‌နေဖြင့် ‌ဝေဟင်ကို အသုံးပြု တိုက်ခိုက်ခြင်းဖြစ်‌ကြောင်း KNU တပ်မဟာ (၅) ဘက်က မှတ်ချက်ပြု ‌ပြောဆိုသည်။

တပ်မဟာ (၅) နယ်‌မြေအတွင်း ‌နေ့စဉ် ထိ‌တွေ့တိုက်ပွဲများရှိ‌နေပြီး စစ်‌ကောင်စီဘက်မှ ထိခိုက်‌သေဆုံးမှု ‌နေ့စဉ်ရှိ‌နေသလို ‌အောက်‌ခြေရဲ‌ဘော်များအ‌နေဖြင့်လည်း တပ်မဟာ (၅) နယ်‌မြေအတွင်း ဝင်‌ရောက် တိုက်ခိုက်ရန် ငြင်းဆန်မှုများရှိလာသည့်အ‌ပေါ် ယခုလို ‌လေယာဉ်ဖြင့် ဝင်‌ရောက် ဖိအား‌ပေးတိုက်ခိုက် သည့် ပုံစံမျိုးပြုလုပ်ခြင်းဖြစ်သည်ဟု တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောထူးက‌ရှောက ယခုလို‌ပြောသည်။

“သူတို့(စစ်‌ကောင်စီ)ရဲ့ ‌ရှေ့တန်းက ရဲ‌ဘော်‌တွေ ‌သေဆုံး ထိခိုက်မှုကလည်းများ‌နေတယ်။ အဲ့လို ထိခိုက် ‌သေဆုံးမှုများ‌တော့ သူတို့ကို စိတ်ဓါတ်မြှင့်တင်‌ပေးတဲ့ သ‌ဘောပဲ။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လည်း ကျ‌နေကြပြီး။ သူတို့လူ‌တွေကို သွားတက်ခိုင်းလည်း မတက်‌တော့ဘူး။ ညွှန်ကြားမှု‌ပေးလည်း သူတို့ ‌အောက်‌ခြေရဲ‌ဘော်‌တွေ လိုက်မလုပ်ကြ‌တော့ဘူး။ အဲ့ဒါ‌ကြောင့် သူတို့ ရဲ‌ဘော်‌တွေကို စိတ်ဓါတ်မြှင့် တင်တဲ့အ‌နေနဲ့ ‌လေယာဉ်နဲ့ လက်နက် ကြီး‌တွေနဲ့ ပစ်ကူ‌ပေးတဲ့သ‌ဘောပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌လေ‌ကြောင်း ပစ်ခတ်မှုများသည်လည်း ဖာပွန်- ကမ‌မောင်း ကြားကို စစ်‌ကောင်စီတပ်များ ဝင်‌ရောက် နိုင်ခြင်းမရှိသည့်အ‌ပေါ် ‌လေယာဉ်ပစ်ကူဖြင့် ရှင်းလင်း ခြိမ်း‌ခြောက်သည့် ပုံစံမျိုးဖြစ်ပြီး အလားတူ စစ်‌ကောင်စီဘက်မှလည်း (၁၂ဝ မမ)လက်နက်ကြီးအ‌မြောက်များကို ‌တောင်သုံးလုံး၊ ကမ‌မောင်း ‌ဒေသတို့တွင် ထပ်မံဖြည့်တင်းလာမှုများရှိ‌နေကာ ‌နေ့စဉ်ပစ်ခတ်မှုများပြုလုပ် ‌နေ‌ကြောင်း လည်း ဗိုလ်မှူးကြီး ‌စောထူးက‌ရှောက ဆက်‌ပြောသည်။

ယ‌နေ့ ဇန်နဝါရီလ ၁၂ရက်၊ နံနက် ၁နာရီဝန်းကျင်တွင် ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲ‌ဆေးရုံရှိရာသို့ စစ် ‌ကောင်စီမှ ‌လေယာဉ်ဖြင့် သွား‌ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ‌ဆောက်အဦးများ ပျက်စီးသွားခဲ့ ‌သော်လည်း လူထိခိုက် ‌သေဆုံးမှုမရှိ‌ကြောင်းလည်း KNU ဘက်က ‌ပြောသည်။

Photo-KNU Mutraw News

ညအချိန် လာ‌ရောက် တိုက်ခိုက်ခြင်း‌ကြောင့် တိုက်ခိုက်သည့် ‌လေယာဉ်အမျိုးအစားကို အတည် မပြုနိုင်‌သေးဘဲ ညအချိန် ဇန်နဝါရီလ ၁၂ရက်၊ နံနက်‌စော‌စော ၁၂း၄၅နာရီခန့်တွင် ရန်ကုန်မြို့၊ ‌မှော်ဘီမြို့နယ်ထဲမှ ဂျက်တိုက် ‌လေယာဉ် ပျံသန်းထွက်ခွာသွား‌ကြောင်း ကြားသိရသူများက ‌ပြောသည်။

အချိန် ၂ မိနစ်ခန့်သာ ကြာမြင့်သည့် အဆိုပါတိုက်ခိုက်မှုတွင် ‌လေယာဉ်မှ ဗုံး ၅လုံး ပစ်ချသွားခဲ့ရာ ဒွယ်လိုးမြို့နယ် ရှိ ဝါးခါ့ဒဲ‌ဆေးရုံကို ၂ လုံး ထိမှန်‌ပေါက်ကွဲခဲ့ပြီး လယ့်‌ဂေးထာ့‌ကျေးရွာထဲသို့ ၃လုံး ကျ‌ရောက်‌ပေါက်ကွဲခဲ့‌ကြောင်း သိရှိရသည်။

အလားတူ KNU တပ်မဟာ (၆) နယ်‌မြေ၊ ‌ကော့ကရိတ်မြို့နယ်အတွင်းသို့ ယမန်‌နေ့က စစ်‌ကောင်စီ ဘက်မှ ဟက်စကီး ‌လေယာဉ်အမျိုးအစားဖြင့် လာ‌ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီး များဖြင့် ‌ကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း‌ကြောင့် ‌ဒေသခံ ‌ကျေးရွာသား ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး‌သေဆုံးသွား‌ကြောင်းသိရသည်။

ထို့အပြင် ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့‌ပေါ်တွင်လည်း ကရင်နီ လက်နက်ကိုင် ‌တော်လှန် ‌ရေးတပ်ဖွဲ့ များနှင့် စစ်‌ကောင်စီ တပ်ဖွဲ့များအကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်‌နေပြီး စစ်‌ကောင်စီဘက်မှ တိုက်‌လေယာဉ် များအသုံးပြု၍ ပစ်ခတ် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လူ‌နေအိမ်များလည်း မီး‌လောက်ပျက်စီးမှု အများအပြား ဖြစ်‌ပေါ်လျက်ရှိသည်။