Home သတင်း စစ်‌ကောင်စီ လုံခြုံ‌ရေးတပ်များ၏ ရိက္ခာသယ်ပို့သွားလာမှု မပိတ်ပင်ရန် ဒူးပလာယာခရိုင်ဥက္ကဌ‌စော‌ရွှေ‌မောင်း‌မေတ္တာရပ်ခံ

စစ်‌ကောင်စီ လုံခြုံ‌ရေးတပ်များ၏ ရိက္ခာသယ်ပို့သွားလာမှု မပိတ်ပင်ရန် ဒူးပလာယာခရိုင်ဥက္ကဌ‌စော‌ရွှေ‌မောင်း‌မေတ္တာရပ်ခံ

1870

ဇန်နဝါရီ ၁၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်း စစ်‌ကောင်စီလုံခြုံ‌ရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များ ရိက္ခာသယ်ပို့သွား လာမှု အ‌ပေါ် တားမြစ်ပိတ်ပင်ခြင်း မပြုလုပ်ရန် ခရိုင်ဥက္ကဌဖြစ်သူ ပဒို‌စော‌ရွှေ‌မောင်းက ဇန်နဝါရီ ၁ဝ ရက်‌နေ့တွင် ခရိုင်တာဝန်ရှိသူများထံ ‌မေတ္တာရပ်ခံစာ ‌ပေးပို့ခဲ့သည်ဟု သိရသည်။

ရိက္ခာသယ်ပို့ရာတွင်လည်း‌ကောင်း၊ အရပ်ဝတ်ဖြင့်သွားလာရာတွင်လည်း‌ကောင်း တားဆီးခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ပါက ‌ဒေသအတွင်းသို့ အသစ်တဖန် တ‌ကျော့ပြန် စစ်မီး‌ရောက်ရှိလာနိုင်သည်ဖြစ်၍ တားဆီးခြင်းနှင့် ဖမ်းဆီးခြင်းများ ‌ဖြေ‌လျှော့‌စေလိုပြီး တစ်ဖက်တားမြစ်ပိတ်ပင်ခြင်းမပြုအပ်ဟု မြင်‌ကြောင်း ၎င်း၏ ‌မေတ္တာရပ်ခံစာတွင် ‌ဖော်ပြထားသည်။

စစ်တပ်မှ နိုင်ငံ‌တော်အာဏာသိမ်းပြီး‌နောက်ပိုင်း ခရိုင်ဥက္ကဌပဒို‌စော‌ရွှေ‌မောင်းအ‌နေဖြင့် ၎င်း၏တစ်ဦးတည်းသ‌ဘောထား ထုတ်ပြန်ချက်များ မကြာခဏထုတ်ပြန်‌လေ့ရှိပြီး NCA စာချုပ်အား လိုက်နာထိန်းသိမ်းကြရန်နှင့် စားပွဲဝိုင်း‌ပေါ် ‌တွေ့ဆုံညှိနှိုင်း အ‌ဖြေရှာကြရန် သူက တိုက်တွန်း‌ပြောဆို‌လေ့ရှိသည်။

နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူ ‌စောအဲလ်ဘတ်ချိုက “ NCA အ‌ပေါ် ရပ်တည်‌နေတယ် ‌ပြောတယ်။ စစ်တပ်က ဖြတ်သန်းသွားလာမှု သွားခွင့်ပြုပြန်တယ်ဆို‌တော့ မဟုတ်‌သေးဘူး‌ပေါ့‌နော်။ ရန်သူလာလို့ရ‌အောင် ခွင့်ပြုတာက‌တော့ ကိုယ့်‌ဒေသမှာ စစ်မီး‌တွေ ပိုပြီးပြင်း ထန်လာ‌အောင် လုပ်တာနဲ့ တူတူပါပဲလို့ မြင်တယ်။ ကရင်လူမျိုးအတွက် ရပ်တည်တယ်ဆိုရင် ယခင်ကဖြစ်ခဲ့ဖူးတဲ့ ပြဿနာ‌တွေကို ပြန်သုံးသပ်‌စေချင်တယ်။ စစ်ပွဲဖြစ်မှာစိုးလို့ ခွင့်ပြုရတယ်ဆိုတဲ့ ‌တွေး‌ခေါ်မှုကို‌တော့ ပုံစံမကျဘူးထင်တယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

KNU ဒူးပလာယာခရိုင်ရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ‌အောက်တိုဘာလမှစကာ စစ်‌ကောင်စီတပ်က တပ်စခန်းတိုးချဲ့‌နေထိုင်ခြင်း၊ ထိုးစစ်ဆင်ခြင်း နှင့် ‌ကျေးရွာများအတွင်း လက်နက်ကြီးဖြင့်လည်း‌ကောင်း၊ စစ်သုံးရဟတ်ယာဉ်ဖြင့်လည်း‌ကောင်း ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည့်အတွက် ‌ဒေသခံ‌သောင်းချီ စစ်‌ဘေးတိမ်း‌ရှောင်‌နေကြရသည်ဟု စစ်‌ရှောင်ကူညီကယ်ဆယ်‌ရေး လုပ်‌ဆောင်‌နေသူများက ‌ပြောသည်။