ဒီဇင်ဘာ ၁၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော CDM ဝန်ထမ်းများနှင့် တော်လှန်ရေးရဲဘော်များအား အာဏာသိမ်း စစ်ကောင် စီက အင်အားအလုံးအရင်းဖြင့် ဖိနှိပ်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကရင်ပြည်နယ်(ပ.က.ဖ)အနေဖြင့် ဒီဇင် ဘာလ ၁၈ရက်နေ့မှစ၍ တိုက်ပွဲဖော်ဆောင်သွားမည်ဟု ကြေညာချက်အမှတ် ၁/၂၀၂၁ဖြင့် ထုတ်ပြန်ခဲ့သည်။
ပ.က.ဖ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဆာကပေါ်က “အားလုံး ပြည်နယ်နဲ့လွှမ်းခြုံပြီးတော့ ထုတ်ပြန်ထားတာ ဖြစ်တယ်။ ထုတ်ပြန်ချက်မှာက ဟိုလမ်းကြောင်း ဒီလမ်းကြောင်းတွေ ကျန်ကောင်းကျန်လိမ့်မယ်။ ဒါပေမယ့် တစ်ပြည် နယ်လုံးကို ဆိုလိုတာဖြစ်တယ်။ တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးကို ဆိုလိုတာဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့တိုက်ပွဲ ဖော်ဆောင်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အတူတကွ ပူးပေါင်းပါဝင်ရန်၊ စစ်ကောင်စီယာဉ် တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ လှုပ်ရှားသည့် အနီးအနားမှ သွားလာခြင်းမပြုရန်၊ ညအချိန် ခရီးသွားလာခြင်း မပြု လုပ်ရန်တို့ကို အများပြည်သူများထံ အသိပေး နှိုးဆော်ထုတ်ပြန်ထားသည်။
ထို့အပြင် ဖားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနှင့် ဖားအံ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း ပိုင်း များအပေါ် သွားလာမှုများကိုလည်း စစ်ရေးသတိဖြင့် သွားလာကြရန် ပ.က.ဖ ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော် ပြထားသည်။
အဆိုပါထုတ်ပြန်ကြေညာချက်အပေါ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံရွာသားတစ်ဦးက ၎င်းတို့နေထိုင်ရာဧရိယာ အတွင်း မှီတင်းနေထိုင်နေကြသော ပြည်သူပြည်သားများအတွက် စစ်ရေးစိုးရိမ်မှုများစွာ ဖြစ်ပေါ်စေသော်လည်း တိုင်း ရင်းသားလူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံနဲ့အတူ သင်ယူလေ့လာပြီး စနစ်တကျ တွန်းလှန်နိုင်သည့် နည်းလမ်းရှိမှသာ တော်လှန်ရေး အောင်မြင်မည်ဖြစ်ကြောင်း ၎င်း၏အမြင်ကို ယခုလို ပြောဆိုသည်။
သူက “ပြည်နယ်အတွင်းမှာ လှုပ်ရှားဆောင်ရွက်နေကြတဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးတဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်းတော်လှန်စေချင်ပါတယ်။ ဒေသခံတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များရဲ့ စစ်ရေး အတွေ့အကြုံနဲ့ စစ်ရေးဗျူဟာတွေကို လေးစားလိုက်နာ ဆောင်ရွက်စေချင်ပါတယ်။ စစ်ဖြစ်လာရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီးဖြစ်လာမယ်ဆိုတာကိုလည်း ကြိုတင်တွေးဆပြီး လိုအပ်တာတွေကို ပြင်ဆင်ထားရပါမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကရင်ပြည်နယ်(ပ.က.ဖ)ကို နွေဦးတော်လှန်ရေး စတင်သည့်အချိန်မှစ၍ ဖွဲ့စည်းခဲ့ပြီး တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအ စည်းအရုံး(KNU) နယ်မြေများဖြစ်နေခြင်းကြောင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ပ.က.ဖ အနေဖြင့် မဆောင်ရွက်ခဲ့ သော်လည်း NCA ကို အလေးမထားသည့် စစ်ကောင်စီကို ရရာလက်နက် စွဲကိုင်ပြီး တိုက်ပွဲဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။



















