Home သတင်း ‌ဈေးပွဲ‌တော်ပြုလုပ်‌နေ‌သော မြဝတီမြို့ ဓိဌာန်‌အောင်ဘုရားကွင်းအနီး ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား

‌ဈေးပွဲ‌တော်ပြုလုပ်‌နေ‌သော မြဝတီမြို့ ဓိဌာန်‌အောင်ဘုရားကွင်းအနီး ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား

1383

ဒီဇင်ဘာ ၁၈ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ။

မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ‌ဈေးပွဲ‌တော်ပြုလုပ်လျက်ရှိ‌သော ဓိဌာန်‌အောင်ဘုရားကွင်းအနီးတွင် ယ‌နေ့ ဒီဇင်ဘာလ ၁၈ရက် ညဦးပိုင်းက ဗုံးတစ်လုံး ‌ပေါက်ကွဲမှုဖြစ်သွားခဲ့‌ကြောင်း သိရသည်။

“ဒီ‌နေ့ ည ၆ နာရီခွဲ‌လောက်က ‌ပေါက်ကွဲသံ အကျယ်ကြီး တစ်ချက်ကြားရတယ်။ ဓိဌာန်‌အောင် ဘုရားအ‌ရှေ့ဘက်မုခ် ‌ဈေးပွဲ‌တော် လုပ်‌နေတဲ့‌နေရာနားကပဲ။ လူထိခိုက်မှုရှိလား မရှိလား‌တော့ ‌သေချာမသိဘူး” ဟု အခင်းဖြစ်‌နေရာ အနီး ‌နေထိုင်သူတစ်ဦးက ‌ပြောသည်။

ထိုသို့ ဗုံး‌ပေါက်ကွဲမှုဖြစ်ပြီး‌နောက် စစ်‌ကောင်စီအဖွဲ့မှ ‌ရောက်ရှိလာပြီး ဓိဌာန်‌အောင်ဘုရားလမ်း‌ပေါ် သွားလာ‌နေသည့် ကားနှင့် ဆိုင်ကယ်တို့အား ရပ်တန့်‌စေပြီး ‌သေနတ်ဖြင့်ထိုးချိန်ကာ စစ်‌ဆေး‌နေ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ယ‌နေ့ ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက မြဝတီမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းခံခဲ့ရ‌သေး၏။

ထို့နည်းတူစွာ ဒီဇင်ဘာလ ၁၆ ရက်‌နေ့က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးတွင်လည်း လက်ပစ်ဗုံး ပစ်သွင်းခံခဲ့ရပြီး အဆိုပါ ဗုံးများမှာ ‌ပေါက်ကွဲမှု မဖြစ်ခဲ့၍သာ လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ခြင်းဖြစ်‌ကြောင်း စစ်‌ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ ထံမှ သိရသည်။

မြဝတီမြို့၏ ‌တောင်ဘက် ၉ မိုင်ခန့် အကွာ ‌လေး‌ကေ‌ကော်နှင့် အနီးဝန်းကျင်၌ တိုက်ပွဲများဖြစ်‌နေသည့် ယခုရက်ပိုင်းအတွင်း မြို့တွင်းတွင် ယ‌နေ့ည ဗုံး‌ပေါက်ကွဲမှုအပါအဝင် ဗုံး‌ပေါက်ကွဲမှု နှစ်ကြိမ်ထိ ဖြစ်ခဲ့သည်။

မ‌နေ့ညကလည်း မြဝတီမြို့ ဘုရင့်‌နောင်လမ်းမကြီး‌ပေါ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးအ‌ရှေ့တွင် ဗုံးတစ်လုံး‌ပေါက်ကွဲမှု‌ကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့သုံး ‌မော်‌တော်ယာဉ်တစ်စီး အနည်းငယ် ထိခိုက်ပျက်စီးမှုရှိခဲ့‌ကြောင်း သိရသည်။