ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်အနီး မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြားတွင် ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၅ဝ မှစတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေသည်ဟု မြေပြင်သတင်းအရ သိရသည်။
မယ့်ထော်သလေးရွာ ထိန်းချုပ်ထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDOနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တပ်များဘက်ကို ကျောက်လုံးကြီး၊ ကျောက်ဂူ၊ လက်ခတ်တောင်စသည့် BGF စခန်းကုန်းများနေ၍ စစ်ကောင်စီတပ်များကလက်နက်ကြီးမျိုးစုံဖြင့် စိုးမိုးပစ်ခတ်လျက်ရှိသည်။
တစ်ဆက်တည်းတွင် မြေပြင်မှ BGF နှင့်စစ်ကောင်စီ အင်အား ၂၀ဝ ကျော် ပူးပေါင်းစစ်ကြောင်းမှ မယ်ထော် သလေးကျေးရွာဘက်သို့ ထိုးစစ်ဆင် ချီတက်လာနေသည့်အတွက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား နေကြောင်း ကရင်ပူးပေါင်းတပ်ဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။
လက်ရှိတွင် အရှေ့တောင်တိုင်း စစ်ဌာ နချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်သည် မြဝတီမြို့သို့ရောက်ရှိနေပြီး မြစန္ဒီဂေါက်ကွင်းတွင် တာဝေးပစ်အမြှောက်များကို တပ်ဆင်ကာ စစ်ရေးပြင်ဆင်မှုများကို စီမံညွှန်ကြားနေကြောင်း ၎င်းတို့နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။
လေးကေကော် အမြှောက်ကုန်းအား ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်များက ၄ရက်မြောက် ဆက်လက် ဝိုင်းရံပိတ် ဆို့ထားခဲ့သဖြင့် ရိက္ခာ၊ သောက်သုံးရေ ပြတ်လပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် လေးကေကော် ဗျူးပွိုင့် စားသောက်ဆိုင် တန်းများမှ စားစရာ အကူအညီ တောင်းခံမှုများရှိနေကြောင်း KNLA တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။
ထိုင်းဘက်ခြမ်းတွင်လည်း စစ်အင်အား တိုးချဲ့ထားသဖြင့် ထိုင်းဘက်သို့ ကမ်းကူးအခြေအနေအား စစ်ရှောင်ကျန်းမာရေး ချို့တဲ့သူများကိုသာ ကမ်းကူးခွင့်ပေးထားပြီး မြန်မာဘက်ခြမ်းရှိ လေးကေ ကော် ဒေသစစ်ရှောင်များကိုမူ ဖလူးကြီး၊ ဖလူးလေး ကျေးရွာများတွင် ရွှေ့ပြောင်းနေရာချ ထားပေးကာ ကူညီစောင့်ရှောက်ထားသည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများက ပြောသည်။