Home သတင်း လက်ရှိ နိုင်ငံ‌ရေး အ‌ခြေအ‌နေတွင် ကရင်အဖွဲ့အစည်းတိုင်း အမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်းရန် KNU ဥက္ကဌ တိုက် တွန်း

လက်ရှိ နိုင်ငံ‌ရေး အ‌ခြေအ‌နေတွင် ကရင်အဖွဲ့အစည်းတိုင်း အမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်းရန် KNU ဥက္ကဌ တိုက် တွန်း

1988

ဒီဇင်ဘာ ၃ဝ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ ဖြစ်‌ပေါ်‌နေ‌သော နိုင်ငံ‌ရေးအ‌ခြေအ‌နေတွင် မိမိကိုယ်ကို ကရင်အမျိုးသားဟု ခံယူထားကြသည့် ကရင်အမျိုးသား တိုင်းနှင့် ကရင်အမျိုးသားအဖွဲ့အစည်းတိုင်းအ‌နေဖြင့် မိမိအမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်ကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက တိုက်တွန်း ‌ပြောဆိုလိုက်သည်။

လာမည့်နှစ်၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်‌နေ့ ကရင်နှစ် ၂၇၆၁ ခုနှစ်အတွင်း ကျ‌ရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူး‌နေ့အတွက် ‌ပေးပို့သည့် KNU ဥက္ကဌ ၏ သဝဏ်လွှာတွင် ယ‌နေ့ ဖြစ်‌ပေါ်‌နေသည့် နိုင်ငံပဋိပက္ခအတွင်း ကရင်အဖွဲ့အစည်းများကို ထိုသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

ထို့အပြင် ယ‌နေ့ ဖြစ်‌ပေါ်‌နေသည့် အ‌ကြောင်းတရားများ‌ကြောင့် ကရင်အမျိုးသား အဖွဲ့အစည်းအားလုံး အ‌နေဖြင့် မိမိတို့၏ အမျိုးသား‌ရေးအတွက် မားမားမတ်မတ် ရပ်တည်ပြီး ကရင်အမျိုးသားများ၏ အနာဂတ်ဘဝ ရှင်သန်‌ရေး နှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လက်တွဲညီညီကြိုးပမ်းအားထုတ်သွားကြရန်လည်း KNU ဥက္ကဋ္ဌက ဆက်လက် တိုက်တွန်း ‌ပြောဆိုထားသည်။

လက်ရှိ စစ်အာဏာသိမ်းမှုကို လက်မခံ‌ကြောင်း နှင့် ရှုတ်ချ‌ကြောင်း KNU ဘက်မှ တရားဝင် ထုတ်ပြန်‌ပြောဆိုခဲ့ ချိန်မှစ၍ KNU နယ်‌မြေအတွင်း တိုက်ပွဲများ ပြင်းထန်လာခဲ့‌သော်လည်း အခြား‌သော ကရင်လက်နက်ကိုင် အဖွဲ့ အစည်းများအ‌နေဖြင့် အာဏာသိမ်းမှုအ‌ပေါ် တစ်စုံတစ်ရာ ထုတ်‌ဖော်‌ပြောဆိုခြင်းမရှိသည့်အပြင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူး‌ပေါင်းလုပ် ‌ဆောင်သည့် အ‌ခြေအ‌နေများရှိခဲ့သည့်အ‌ပေါ် ‌ဝေဖန်ခံရမှု မြှင့်တက်ခဲ့‌သေးသည်။

အဆိုပါ တိုက်တွန်းချက်များအပြင် KNU အ‌နေဖြင့် နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းလမ်းဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ကြိုးပမ်းခဲ့‌သော်လည်း လက်ရှိ စစ်တပ်၏ အသစ်တဖန် အာဏာသိမ်းယူမှု‌ကြောင့် ၎င်းတို့၏ ကြိုးပမ်းမှုများမှာ အလဟသ ဖြစ်ခဲ့ရ‌ကြောင်းလည်း ‌ဝေဖန်‌ထောက်ပြထားသည်။

KNU အ‌နေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်-NCA ကို အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ နှင့် လက်မှတ်‌ရေးထိုးခဲ့‌သော်လည်း ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ စစ်အာဏာသိမ်း မှု‌ကြောင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ရပ်တန့်သွားပြီး KNU ထိန်းချုပ်နယ်‌မြေ အသီးသီးတွင်လည်း တိုက်ပွဲများ တဖန် ပြင်းထန်လာကာ သိန်းနှင့်ချီ‌သော ‌ဒေသခံ အရပ်သား ပြည်သူများလည်း စစ်‌ဘေး‌ရှောင်‌နေကြရသည်။

ဆက်လက်ပြီး နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းရာတွင် စစ်မှန်‌သော စိတ်ရင်း‌စေတနာ ကင်း‌ဝေး ‌နေသမျှကာလပတ်လုံး နိုင်ငံ‌ရေးအရ စစ်မှန်‌သော ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး နှင့် ပြည်တွင်းငြိမ်းချမ်းမှု တည်‌ဆောက်‌ရေး ကြိုးပမ်းမှုများသည် မည်သို့မျှ ဖြစ်‌ပေါ်လာနိုင်မည်မဟုတ်‌ကြောင်းနှင့် ယခုလက်ရှိ မျိုးဆက်သစ် လူငယ်များ၏ လက်နက်ကိုင် ‌တော်လှန်မှုမှာလည်း သက်‌သေဖြစ်‌နေ‌ကြောင်း သဝဏ်လွှာတွင် ဆက်လက် ‌ထောက်ပြ‌ပြောဆိုသည်။

အခြား‌သော ကရင်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကရင်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကရင်ပြည်နယ်အတွင်း တ‌ကျော့ပြန် တိုက်ပွဲပြင်းထန်လာမှုအ‌ခြေအ‌နေအ‌ပေါ် တရားဝင် တစ်စုံတစ်ရာ သ‌ဘောထား ထုတ်ပြန်ချင်းမျိုးမ‌တွေ့ရ‌သော်လည်း ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC) နှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင် တပ်မ‌တော်(DKBA)အ‌နေဖြင့် ‌လေး‌ကေ့‌ကော် ဖြစ်စဉ်နှင့်ပတ်သက်၍ လက်ခံ နိုင်ဖွယ်မရှိ‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။