Home သတင်း ဖားအံမြို့နယ်အတွင်း ‌ဒေသခံများ ခရီးသွားလာခြင်းဆိုင်ရာ KNU စာထုတ်ပြန်

ဖားအံမြို့နယ်အတွင်း ‌ဒေသခံများ ခရီးသွားလာခြင်းဆိုင်ရာ KNU စာထုတ်ပြန်

1761

ဒီဇင်ဘာ ၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) ထိန်းချုပ်နယ်‌မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်း စစ်‌ကောင်စီ လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့ဝင်များ ပိုမိုလှုပ်ရှားလာခြင်း‌ကြောင့် ပြည်သူလူထုများ၏ သွားလာမှု အ‌ပေါ် ဒီဇင်ဘာလ ၁ရက် ‌နေ့စွဲဖြင့် KNU ဖားအံမြို့နယ်က သတိ‌ပေးစာ ထုတ်ပြန်ထားခဲ့သည်။

သံလွင်မြစ်အ‌နောက်ဘက်ခြမ်းရှိ ဖားအံမြို့နယ်အတွင်း လာ‌ရောက်‌နေရာယူ တပ်စွဲထားသည့် BGF တပ်ဖွဲ့ဝင်များအ‌နေ ဖြင့် သွားလာလှုပ်ရှားမှုများလာခြင်း‌ကြောင့် ပြည်သူလူထုအ‌နေဖြင့် နံနက်မှ ည‌နေအထိသာ သွားလာခွင့်ပြုထားပြီး ၎င်းကန့်သတ်ချိန် ‌ကျော်လွန်၍ ခရီးသွားလာခြင်း မပြုလုပ်ကြရန် KNU ဖားအံမြို့နယ် အလုပ်အမှု‌ဆောင်အဖွဲ့ကိုယ်စား အတွင်း‌ရေးမှူး ‌စော‌နေထူးက လက်မှတ်ထိုးကာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

KNU သထုံခရိုင်၏ သတင်းပြန်ကြား‌ရေးဌာနခွဲ အတွင်း‌ရေးမှူး ‌စောလွမ်းမိုးနိုင်က “ဒီကိုလာတက်‌နေတဲ့ BGF တစ်ဖွဲ့ရှိ တယ်။ သူတို့ကလည်း ဒီနယ်‌မြေမှာ အသွားအလာ အရမ်းလုပ်တာမျိုး ရှိတယ်။ သွားလာတဲ့သူတိုင်းကို ကျ‌နော်တို့ မသိ နိုင်ဘူး‌လေ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်‌ဆေးမှု ခံယူရမယ်‌လေ။”ဟု ‌ပြောသည်။

အဆိုပါသတိ‌ပေးစာကို လွန်ခဲ့သည့်နှစ်ရက်က လူမှုစာမျက်နှာမှ ကြိုတင် ထုတ်ပြန်ထား‌သော်လည်း ယ‌နေ့ ဒီဇင်ဘာလ ၆ရက်‌နေ့မှစ၍ ‌ကျေးရွာအုပ်စုအတွင်း လိုက်လံဖြန့်‌ဝေအသိ‌ပေးခြင်း ပြုလုပ်သည့်အပြင် ‌ကျေးရွာအုပ်ချုပ်‌ရေး တာဝန်ရှိ သူများကိုလည်း အစည်းအ‌ဝေး‌ခေါ်ယူ၍ ရှင်းလင်းအသိ‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း ‌စောလွမ်းမိုးနိုင်က ဆက်‌ပြော သည်။

KNU သထုံခရိုင်၊ ဖားအံမြို့နယ်၏ အသိ‌ပေးထုတ်ပြန်ချက်တွင် ပြည်သူများ ခရီးသွားလာခွင့်ကို နံနက် ၆နာရီမှ ည‌နေ ၆နာရီအထိသာ ခွင့်ပြုထားပြီး ဖားအံမြို့နယ်၊ တပ်ရင်း(၁) ထိန်းချုပ်နယ်‌မြေအတွင်း ‌မော်‌တော်ယာဉ်ဖြင့် ခရီးသွားလာ ပါက ကားမှန်များကိုချ၍ ‌မောင်းနှင်ရန်အပြင် ‌မော်‌တော်ကား၊ ဆိုင်ကယ်၊ စက်တပ်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်‌ဆေးလိုပါက ကြည်ဖြူစွာ လက်ခံ‌ပေးရန် ပါရှိသည်။

ထို့အပြင် ပြည်သူများအ‌နေဖြင့် အ‌ရေး‌ပေါ်ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်များထံ ဆက်သွယ် အ‌ကြောင်းကြားရန်နှင့် အထက်ပါအချက်များအ‌ပေါ် လိုက်နာ‌ဆောင်ရွက်ခြင်းမရှိပါက ဖြစ်‌ပေါ်လာမည့် ပြဿနာများ ကို တာဝန်ယူမည်မဟုတ်‌ကြောင်းလည်း KNU ဖားအံမြို့နယ်၏ အသိ‌ပေးစာ၌ ဆက်လက် ‌ဖော်ပြထားသည်။

ဖားအံမြို့ နယ်၊ သံလွင်အ‌နောက်ဖက်ကမ်းရှိ ရွာသူတစ်ဦးက “မနက် ၆၊ ည ၆ဆို‌တော့ သာ‌ရေးနာ‌ရေး အ‌ရေး‌ပေါ်‌တွေ ဖြစ်လာရင် နဲနဲ‌တော့ ခက်ခဲမယ်ထင်တယ်။ သွားလာ‌ရောင်းဝယ်‌ရေး‌တွေ၊ စားဝတ်‌နေ‌ရေး‌တွေအတွက် အချိန်တခုကို ကန့်သတ်ထား‌တော့ သွားရတာ‌ပေါ့။ တာဝန်မယူဘူးလို့ ‌ပြောထားတယ်ဆို‌တော့ အသွားအလာ ဂရုစိုက်ရ‌တော့မှာ‌ပေါ့။ လုံခြုံတယ်ဆိုတာ ၅၀%‌လောက်ပဲ မြင်ပါတယ်။”ဟု ‌ပြောသည်။

အာဏာသိမ်းပြီး‌နောက် KNU ထိန်းချုပ်နယ်‌မြေအများစုတွင် စစ်‌ကောင်စီတပ်နှင့် KNU လက်‌အောက်ခံ KNLA တပ်ဖွဲ့ ဝင်များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး KNU တပ်မဟာ(၁)၊ တပ်မဟာ(၅)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၂) နယ်‌မြေများတွင် အဆိုးရွာဆုံးဖြစ်ပွားကာ အဆိုပါနယ်‌မြေများတွင်လည်း စစ်‌ကောင်စီတပ် အပါအဝင် နယ်ခြား‌စောင့် (BGF)တပ်ဖွဲ့ဝင်များ၏ စစ်‌ရေးလှုပ်ရှားမှုမှာလည်း ယ‌နေ့အထိ များပြား‌နေဆဲဖြစ်‌ကြောင်း KNU ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

KNU ၏ ဒီဇင်ဘာလ ၄ရက်‌နေ့ ထုတ်ပြန်ချက်အရ ယခင် နိုဝင်ဘာလအတွင်း KNU ထိန်းချုပ်နယ်‌မြေအားလုံးတွင် စစ် ‌ကောင်စီ အပါအဝင် BGF တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA၊ ကရင်အမျိုးသားကာ ကွယ်‌ရေးတပ်-KNDO အကြား ထိ‌တွေ့တိုက်ပွဲ‌ပေါင်း (၂၀၆)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီ နှင့် BGF တပ်ဘက်မှ (၁၉၀) ဦး ကျဆုံးကာ (၁၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ဖော်ပြထားသည်။

စစ်‌ကောင်စီ၊ နယ်ခြား‌စောင့် ပူး‌ပေါင်းတပ်ဘက်မှ ကျဆုံးသူများထဲတွင် တပ်ရင်းမှူး (၁)ဦး၊ ဒုတပ်ရင်းမှူး (၁)ဦး၊ ဗိုလ် ကြီး(၄)ဦးနှင့် တပ်ကြပ် (၂)ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲတွင်လည်း တပ်ရင်းမှူး (၁)ဦး၊ တပ်ခွဲမှူး (၃)ဦးနှင့် ဗိုလ် (၁)ဦးတို့ ပါဝင်ကာ KNLA နှင့် KNDO ဘက်တွင်မူ (၇)ဦးကျဆုံး၍ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် အာဏာသိမ်း စစ်‌ကောင်စီ၏တပ်များနှင့် BGF တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု နှင့် လူသွားလမ်း‌ပေါ် မိုင်း‌ထောင်ထားမှုများ‌ကြောင့် ပြည်သူလူထု (၇)ဦး ဒဏ်ရာရရှိပြီး (၁)ဦး‌သေဆုံးခဲ့သည်ဟုလည်း KNU သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ‌ဖော်ပြထားသည်။