Home သတင်း ဖားအံမြို့တွင် တစ်ညတည်း ဗုံး ၃လုံး ဆက်တိုက် ‌ပေါက်ကွဲ၊ အရပ်သားတစ်ဦး ထိခိုက်

ဖားအံမြို့တွင် တစ်ညတည်း ဗုံး ၃လုံး ဆက်တိုက် ‌ပေါက်ကွဲ၊ အရပ်သားတစ်ဦး ထိခိုက်

2171

ဒီဇင်ဘာ ၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်မြို့‌တော်၊ ဖားအံမြို့တွင် ယ‌နေ့ည‌နေ ၆နာရီ‌ကျော်တွင် အမှတ်(၅)ရပ်ကွက်အတွင်း ဗုံး‌ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး အနည်းငယ် ထိခိုက်သွားခဲ့‌ကြောင်း ဖားအံမြို့ခံတစ်ဦးက အတည်ပြု‌ပြောဆို သည်။

ဖြစ်စဉ်မှာ ဖားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ တက္ကသိုလ်လမ်းတွင်ရပ်‌နေ‌သော ဆိုင်ကယ်တစ်စီးနှင့် လူတစ်ဦးရှိရာသို့ အမည်မသိလူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာ‌ရောက်ပြီး အထုတ်တစ်ထုပ်လာပစ်ခဲ့ရာ ၎င်းအထုပ်ကို ရပ်‌နေ‌သောဆိုင် ကယ်အနားရှိ လူက ကန်ထုတ်လိုက်ရာမှ ‌ပေါက်ကွဲခဲ့ခြင်းဖြစ်‌ကြောင်း မြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“အဲ့မှာ အကင်ဆိုင်တစ်ဆိုင်ရှိတယ်။ အကင်ဆိုင်နားမှာက ဆိုင်ကယ်တစ်စီးရပ်ထားတာ။ ဆိုင်ကယ်မှာက လူတစ် ‌ယောက် ရှိတယ်။ ဗုံးတစ်လုံးကို လာပစ်သွားတာကို ‌တွေ့လိုက်‌တော့ သူက အမြန်‌ပြေးကန်လိုက်တာ။ ဗုံး‌ပေါက်တဲ့ အချိန်မှာကျ‌တော့ သူ့‌ခြေ‌ထောက် ဒဏ်ရာနည်းနည်းရသွားတယ်။ ဗုံးစ စင်သွားတာ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အထုပ်ကို လာ‌ရောက်ပစ်သွားသူများမှာ အရပ်ဝတ်ဖြင့်ပင်ဖြစ်ပြီး ဆိုင်ကယ်‌ပေါ်တွင် ‌သေနတ်များ ကိုင်‌ဆောင်ကာ ဗုံး ဖြင့်လှမ်းပစ်သွားခြင်းဖြစ်‌ကြောင်းနှင့် အဆိုပါဆိုင်ကယ်ထွက်ခွာသွားရာ တက္ကသိုလ်‌ကျောင်း‌ရှေ့လမ်း မီးပွိုင့်တွင် ‌နောက်ထပ်ဗုံးတစ်လုံးနှင့် အ.ထ.က(၃) ‌ကျောင်း‌ရှေ့တွင် တတိယ‌မြောက်ဗုံး ထပ်မံ ‌ပေါက်ကွဲခဲ့‌ကြောင်း အဆိုပါမြို့ခံ က ဆက်‌ပြောသည်။

ဖားအံမြို့တွင် ယခင်က ည ၈နာရီအထိသာ သွားလာခွင့်‌ပေးခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင်ပြည်နယ်‌နေ့ ပွဲရက်မှစ၍ ည ၁ဝနာရီအထိ သွားလာခွင့် တိုး‌ပေးလိုက်သဖြင့် လူသွားလူလာရှိ‌နေဆဲအချိန်တွင် ဖြစ်ပွားခဲ့သည့် ယခု ‌ပေါက်ကွဲမှုများ‌ကြောင့် ဖားအံမြို့အတွင်း လုံခြုံ‌ရေးကားသံများလည်း လှည့်ပတ်သွားလာသံများ ကြားရ‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ရက်၊ စ‌နေ‌နေ့ကလည်း ဖားအံမြို့ရှိ အမှတ်(၃) အ‌ခြေခံပညာ အထက်တန်း‌ကျောင်း ‌ရှေ့တွင် ဗုံးတစ်လုံး‌ပေါက်ကွဲမှု ဖြစ်‌ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိခဲ့‌ပေ။