Home သတင်း ရက်‌ဂေးအဆို‌တော် ‌စောဖိုးခွားအား အငြိုးဖြင့် ‌ထောင်ချလိုက်ခြင်းဖြစ်သည်ဟု နီးစပ်သူများ‌ပြော

ရက်‌ဂေးအဆို‌တော် ‌စောဖိုးခွားအား အငြိုးဖြင့် ‌ထောင်ချလိုက်ခြင်းဖြစ်သည်ဟု နီးစပ်သူများ‌ပြော

1547

ဒီဇင်ဘာ ၃၁ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

မြန်မာပြည် ငြိမ်းချမ်း‌ရေးရရှိရန်အတွက် ‌တေးသီချင်းများဖြင့် ပုံ‌‌ဖော်ဖန်တီးသီဆိုသည့် Reggae အဆို‌တော် ‌စောဖိုးခွားအား ဒီဇင်ဘာလ ၃ဝ ရက်‌နေ့တွင် ရန်ကုန်မြို့ အင်းစိန်‌ထောင်တရားရုံးမှ ‌ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခြင်းသည် အငြိုးအ‌တေးဖြင့် ‌ထောင်ချလိုက်ခြင်းဖြစ်သည်ဟု နီးစပ်သူများက ‌ပြောသည်။

ငြိမ်းချမ်း‌ရေးသီချင်းများ သီဆိုခြင်းဖြင့် လူသိများသည့် အဆို‌တော်‌စောဖိုးခွားသည် ၎င်းကိုယ်တိုင် သီဆိုထား‌သော “‌ဒေါ်စိန်‌အေးရဲ့သား” ‌တေးသီချင်းနှင့် ၂ဝ၂ဝ ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေးတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီအတွက် ‌အောင်နိုင်‌ရေးသီချင်းများ လုပ်‌ဆောင်‌ပေးခဲ့သည့်အ‌ပေါ် စစ်‌ကောင်စီမှ ယခုလို မတရားဖမ်းဆီး ပြစ်ဒဏ်‌ပေးခြင်းဖြစ်နိုင်သည်ဟု ၎င်းနှင့်နီးစပ်သူများက ‌ပြောသည်။

‌စောဖိုးခွား၏ သူငယ်ချင်းဖြစ်သူ ကိုမြင့်‌အောင်က “သူအရင်က ဆိုထားခဲ့တဲ့ ‌ဒေါ်စိန်‌အေးရဲ့သား ဆိုတဲ့သီချင်းအ‌ပေါ် စစ်တပ်က ငြိုးပြီး‌တော့ တရားစွဲတယ်။ သူဟာ ငြိမ်းချမ်း‌ရေးကို လိုလားတဲ့သူဖြစ်ပြီး‌တော့ တစ်‌ထောင့် တစ်‌နေရာက‌နေ ပါဝင်‌ဆောင်ရွက်‌နေတဲ့လူပါ။ သူကဘာမှကျူးလွန်မှုမရှိဘူး။ စစ်‌ကောင်စီက မတရားဖမ်းဆီးပြီး မတရားတဲ့ပြစ်မှု‌တွေနဲ့ ချမှတ်ခံလိုက်ရတယ်လို့ပဲ မြင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်တပ်အာဏာသိမ်းသည့်‌ ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့တွင် အဆို‌တော် ‌စောဖိုးခွားအား ၎င်း၏‌နေအိမ်၌ လာ‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သူ့အား နိုင်ငံ ‌တော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြား‌အောင်လှုံ့‌ဆော်မှု ပုဒ်မ ၅ဝ၅(ခ) ဖြင့် စစ်‌ကောင်စီမှ တရားစွဲဆိုခဲ့ပြီး‌နောက် အမြင့်ဆုံးပြစ်ဒဏ်ချမှခံရခြင်းလည်း ဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

“ ပြစ်ဒဏ် ၂ နှစ်ကျပါတယ်။ အင်းစိန်‌ထောင်မှာပါ။ သူကျန်းမာ‌ရေး‌ကောင်းပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့‌နေ့က‌နေ ‌နေအိမ်မှာ ဖမ်းခံခဲ့ရချိန်ကစလို့ အခုချိန်ထိ သူနဲ့မ‌တွေ့ရ‌သေးဘူး” ဟု အဆို‌တော်‌စောဖိုးခွား၏ မိသားစုဝင်တစ်ဦးက ယ‌နေ့ဒီဇင်ဘာ ၃၁ ရက်‌နေ့ တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း တက်ကြွလှုပ်ရှားသည့် အနုပညာရှင်အများအပြားကို စစ်‌ကောင်စီက ၎င်းတို့၏ စွဲဆိုထားသည့်ပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်လျက်ရှိပြီး ပြည်သူချစ်အနုပညာရှင်အများစုလည်း ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့်အတွက် ပုန်း‌ရှောင်ထွက်‌ပြေး‌နေကြရသည်။