Home သတင်း နယ်‌မြေ‌ကျော်လွန် ဝင်‌ရောက်လာ‌နေသည့် စစ်‌ကောင်စီတပ်‌ကြောင့် တိုက်ပွဲဖြစ်မည်ကို ‌ဒေသခံပြည်သူများ စိုးရိမ်‌နေ

နယ်‌မြေ‌ကျော်လွန် ဝင်‌ရောက်လာ‌နေသည့် စစ်‌ကောင်စီတပ်‌ကြောင့် တိုက်ပွဲဖြစ်မည်ကို ‌ဒေသခံပြည်သူများ စိုးရိမ်‌နေ

2004

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ ‌တောင်ဘက် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်‌မြေ၊ ‌လေး‌ကေ‌ကော် မြို့သစ်အတွင်းသို့ ယ‌နေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက်မှစကာ စစ်‌ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဝင်‌ရောက်လာ‌သော‌ကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ‌ဒေသခံများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ယ‌နေ့နံနက်ပိုင်း ၉ နာရီ အချိန်ခန့်မှ စတင်၍ စစ်‌ကောင်စီတပ် အမှတ် ၅၆ဝ ‌ခြေမြန်တပ်ရင်းမှ တပ်များသည် ကွင်းက‌လေး‌ကျေးရွာ၊ ပဟိက‌လော်‌ကျေးရွာ၊ ဖလူး‌ကျေးရွာ၊ ရ‌သေ့ဂူ‌ကျေးရွာနှင့် ‌လေး‌ကေ‌ကော် ဗျူးပွိုင့် စစ်‌ကောင်စီ အ‌မြောက်ကုန်းစသည့် ‌နေရာများမှ စစ်‌ကြောင်း ၄ ‌ကြောင်းမှ အင်အား ၂၀ဝ ‌ကျော်ခန့် ဝင်လာသဖြင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) အဖွဲ့ဝင်များကလည်း စစ်‌ရေးပြင်ဆင်မှုများ လုပ်‌ဆောင်ထားသည့်အတွက် ‌ဒေသခံပြည်သူများမှာ တိုက်ပွဲ‌ရှောင်ရန်ပြင်ဆင်‌နေကြပြီဟု သိရသည်။

‌လေး‌ကေ‌ကော်မြို့သစ်တွင် ‌နေထိုင်သည့် ‌နော်တ‌မေထူးက “အခုရက်ပိုင်းမှာ‌တော့ ကရင်ပြည်နယ်အတွင်း မြို့ဝင်ဂိတ်‌တွေမှာ pdf ‌တွေ ဖမ်းဆီးမိတာ‌တွေ၊ လက်နက်‌တွေ မိတာ‌တွေကတစ်ဆင့် ဒီဘက်ရွာ‌တွေဘက်မှာ pdf ‌တွေ ရှိနိုင်တယ်ဆိုပြီး စစ်‌ကြောင်း‌တွေ တိုးချလာတာ စစ်‌ဆေး‌ရေးဂိတ်‌တွေ ‌နေ့/ည စစ်‌ဆေးတာ‌တွေ ပိုလုပ်လာတာ‌ကြောင့်၊ ကျမတို့ ‌နေရာ‌တွေ တိုက်ပွဲ ပြန်ဖြစ်မှာ စိုးရိမ်‌နေရတာ‌ကြောင့် အထုပ်ပိုးပြင်ထားရတယ်။ ဒီ‌နေ့ ဆို ပိုစိုးရိမ်‌နေရတယ် “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီတပ်များသည် မြို့သစ်‌လေး‌ကေ‌ကော် ငြိမ်းချမ်း‌ရေးအိမ်ယာရပ်ကွက်‌နေအိမ်များအတွင်း ဝင်‌ရောက် စစ်‌ဆေး‌မေးမြန်းမှုများ ပြုလုပ်ခြင်း / ဓာတ်ပုံ မှတ်တမ်းရယူခြင်း၊ ရပ်ရွာများအတွင်း၌ စစ်‌ကောင်စီအား ဆန့်ကျင်‌တော်လှန်‌နေကြသည့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့-pdf တပ်ဖွဲ့များ၊ နိုင်ငံ‌ရေး တက်ကြွလှုပ်ရှားသူများ ခိုလှုံ‌နေထိုင်‌နေခြင်းရှိ မရှိအား ရှာ‌ဖွေစစ်‌ဆေး‌မေးမြန်းခြင်းများ လုပ်‌ဆောင်ရန်အပြင် KNU ထိန်းချုပ် နယ်‌မြေအတွင်းရှိ ‌ကျေးရွာများအား စစ်‌ကြောင်းအသွင်ဖြင့် ဝင်‌ရောက်‌နေရာယူရန် ‌ရောက်ရှိလာခြင်းဖြစ်သည်ဟု KNUနှင့် နီးစပ်သူများက ‌ပြောသည်။

ထို့အပြင် ယခုလ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မြဝတီ-‌ဝေါ‌လေ လမ်းပိုင်းတစ်‌လျှောက်ရှိ မယ့်‌ထော်သ‌လေးလမ်းဆုံ ၊ ဖလူး‌ကျေးရွာ စစ်‌ကောင်စီနှင့် ကရင်နယ်ခြား‌စောင့်တပ် (BGF)ပူးတွဲ‌နေရာယူထားသည့် ဂိတ်စခန်း ၊ မြဝတီမြို့အဝင် ‌မေတ္တာလင်းမြိုင် BGF ဂိတ် ၊ တင့်လွင် ဆီဆိုင်‌ရှေ့ BGF ဂိတ်တို့တွင် ‌ဝေါ‌လေ ၊ ‌သေ‌ဘောဘိုး၊ ဖလူး၊ ‌လေး‌ကေ‌ကော်၊ ထီးမယ်ဝါးခီး‌ကျေးရွာများဘက်မှ မြဝတီသို့ သွားလာကြသည့် ကားဆိုင်ကယ်များအား စစ်‌ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ပိုမိုလုပ်‌ဆောင်လာလျက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထိုသို့ စစ်‌ကောင်စီတပ်များ မကြာခဏ နယ်‌မြေ‌ကျော်လွန် ဝင်‌ရောက်ကာ ဖလူး‌ကျေးရွာဘက် ‌လေး‌ကေ‌ကော် မြို့သစ်ဘက်သို့ မကြာခဏ လာ‌ရောက် စစ်‌ဆေးသည့် ကိစ္စမှစတင်၍ နယ်‌မြေခံ KNLA တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလာမည့်အ‌ရေး ‌ဒေသခံများ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်ဟု သိရသည်။

ယခုကိစ္စအ‌ပေါ် KNU ဒူးပလာယာခရိုင်( တပ်မဟာ ၆) ခရိုင်အဆင့် စစ်‌ရေး၊ အုပ်ချုပ်‌ရေး‌ခေါင်း‌ဆောင်များ နှင့် စစ်‌ကောင်စီတပ် စစ်‌ကြောင်း တာဝန်ရှိသူများ ‌အောက်‌ခြေအဆင့် ‌ဆွေး‌နွေးမှုများ ပြုလုပ်လျက်ရှိ‌ကြောင်း ‌ကျေးရွာအုပ်ချုပ်‌ရေးနှင့် လုံခြုံ‌ရေး တာဝန်ရှိသူများ ‌ပြောစကားအရ သိရသည်။

‌လေး‌ကေ‌ကော် မြို့သစ်နှင့် အနီးအနား ‌ကျေးရွာများဘက်သို့ NUG -အမျိုးသားညီညွတ်‌ရေးအစိုးရ လက်‌အောက်ခံ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့-PDF တပ်ဖွဲ့များရှိ‌နေသည်ဟုဆိုကာ စစ်‌ကောင်စီတပ်များမှ စစ်‌ကြောင်းဖြင့် ဝင်‌ရောက် စစ်‌ဆေးမှုများ လုပ်‌ဆောင်‌နေမှုမှာ ၇ကြိမ်ခန့် ရှိပြီဟု သိရှိရသည်။