Home ဆောင်းပါး နယ်စပ်မျဉ်း‌ပေါ်က မိခင်တစ်ဦးဘဝ တ‌စေ့တ‌စောင်း

နယ်စပ်မျဉ်း‌ပေါ်က မိခင်တစ်ဦးဘဝ တ‌စေ့တ‌စောင်း

1535

နယ်စပ်မျဉ်း‌ပေါ်က မိခင်တစ်ဦးဘဝ တ‌စေ့တ‌စောင်း

‌စောထူးက‌ပေါ

(ဒီဇင်ဘာ ၁၊ ၂၀၂၁)

အင်ဖက်မိုး ဝါးအိမ်‌လေးအတွင်းဝယ် ချစ်စဖွယ် ဖြူစင်လှသည့် က‌လေးငယ်နှစ်ဦးက အပူအပင်ကင်းစွာ ‌ဆော့ကစား‌နေ သည်။ ၎င်းတဲအိမ်‌လေးသည် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းရှိ ရွာ‌လေးတစ်ရွာတွင် တည်ရှိသည်။ အိမ်ပိုင်ရှင်ဖြစ် သူ က‌လေး ၃ဦး၏မိခင် နန်းတင်တင်နုက သူမ၏ က‌လေးများကိုထိန်း‌ကြောင်းရင်း အခက်အခဲများကြားက သူမဘဝ ဖြတ်သန်း‌နေရပုံကို ‌ပြောပြသည်။

သူမသည် ယခင်က ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌လောင်းကိုင်ရွာတွင် ‌နေထိုင်ခဲ့သူဖြစ်သည်။ ရွာတွင် လုပ်ကိုင်စား ‌သောက်ရ အဆင်မ‌ပြေသည့်အတွက် မြဝတီခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်က ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာတွင် ၇နှစ်ခန့် သွား‌ရောက်‌နေထိုင်ခဲ့ရာက အိမ်‌ထောင်ကျခဲ့သည်။

သူမ အိမ်‌ထောင်‌ရေးသည် ‌တွေးထင်ထားသလို မသာယာခဲ့။ ‌ယောက်ျားဖြစ်သူက သူမကို ကိုယ်ထိလက်‌ရောက် အနိုင် ကျင့်ခဲ့သည်။ ယခုလို အနိုင်ကျင့်မှုကို မည်သို့မျှဆက်၍ သည်းမခံနိုင်‌တော့သည့်အတွက် သူမအား ကူညီ‌ပေးသူတစ်ဦး ၏ စီစဉ်‌ပေးမှုဖြင့် ယခု‌နေရာသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်‌ကြောင်း သူမက ရှင်းပြသည်။

“သူ ကျမကို အထင်မှားတာ‌ပေါ့။ ကျမကိုယ်ဝန်ရတဲ့က‌လေးက သူ့နဲ့ရတဲ့က‌လေး မဟုတ်ဘူးတဲ့။ အဲဒါ‌ကြောင့် ကျမကို ဖျက်ချခိုင်းတယ်။ ဒါ‌ပေမဲ့ ကျမက‌တော့ မဖျက်ချနိုင်ဘူး‌ပေါ့‌နော်။ ပြီး‌တော့ သူ ကျမကို ရန်ရှာတယ်။ အ‌ကြောင်းမရှိဘဲ အဲလိုလုပ်‌တော့ ကျမ အ‌မေလည်း ဘယ်လိုလက်ခံ ခံစားတတ်မှာလဲ‌ပေါ့‌နော်။ ကျမကို ကိုယ်ထိလက်‌ရောက် အနိုင် ကျင့်တယ်။”ဟု သူမက ဝမ်းနည်းစွာဖြင့် ပိုးကရင်စကားဖြင့် ပြန်‌ပြောပြသည်။

ယင်းသို့ ‌ယောက်ျားဖြစ်သူ၏ ရန်ရှာနှိပ်စက်မှု‌ကြောင့် အသက်အန္တရာယ်နှင့် ကြုံ‌တွေ့ခဲ့ရသည်များလည်း ရှိခဲ့သည်။ အထူးသဖြင့် ‌ယောက်ျားဖြစ်သူ အရက်မူးလာသည့်အချိန်ဆိုလျှင် သူမ၏ လည်ပင်းကို တက်နင်းခြင်း၊ ဓါးချွန်ဖြင့် လိုက် ထိုးခြင်းအထိပါ ပြုလုပ်လာသည့်အတွက် သူမအ‌နေဖြင့် ‌ပြောင်းဖူးခင်းများထဲတွင် သွား‌ရောက်‌ရှောင်ပုန်း အိပ်စက်ခဲ့ရ သည်အထိ ရှိခဲ့သည်။

ဖခင်ကွယ်လွန်ခဲ့ပြီဖြစ်သည့် နန်းတင်တင်နုတွင် ယခုလို အ‌ခြေအ‌နေမျိုး‌ကြောင့် သူမ၏မိခင်ဖြစ်သူလည်း စိတ်ထိခိုက် ‌နေသည့်အတွက် ဆရာမတစ်ဦး၏ အကူအညီဖြင့် ထိုင်းနယ်စပ်သို့ ယခုလို ‌ပြောင်း‌ရွှေ့‌နေထိုင်ခဲ့ရခြင်း ဖြစ်သည်။ နယ် စပ်သို့‌ရောက်ရှိလာချိန်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းအဆင်‌ပြေမည်ဟု ‌မျှော်လင့်ခဲ့‌သော်လည်း ကိုရိုနာဗိုင်း ရပ်(ကိုဗစ်) ကပ်‌ရောဂါ ကူးစက်ပြန့်ပွားမှုများ‌ကြောင့် သူမတို့လို ‌နေ့စားအလုပ်သမားများအတွက် အလုပ်ရှားပါးခဲ့ရပြန် သည်။

“ထင်ထားတာက နယ်စပ်မှာလာ‌နေရင် ကိုယ့်ဘဝအတွက် သက်သာမယ်‌ပေါ့‌နော်။ ဒါ‌ပေမယ့် ထင်သလို မဖြစ်လာဘဲ ဒုက္ခ‌တွေနဲ့ပဲ ထပ်ကြုံ‌နေရပြန်‌တော့ ဘာမှမတတ်နိုင်ဘူး။ အခုအချိန်မှာကျ‌တော့ ‌ရောဂါ‌တွေ ကူးစက်ပျံ့နှံ့‌နေ‌တော့ ပဲ‌တွေလည်း သွားရိတ်လို့မရ‌တော့ဘူး။ ‌နေ့စား‌တွေလည်း သွားလုပ်လို့မရ‌တော့ဘူး။ မရ‌တော့ ဟင်းသီးဟင်းရွက်‌တွေ လိုက်ရှာခူးပြီး သွား‌ရောင်းတာ‌ပေါ့‌နော်။ များများ‌တော့ မရဘူး။ အဲဒီ‌တော့ စားဝတ်‌နေ‌ရေးအတွက် ‌ချွေတာပြီး စားရ တာ‌ပေါ့။”ဟု သူမ၏ လက်ရှိ ရုန်းကန်‌နေရမှုကို ‌ပြောပြသည်။

ယခုလို ဟင်းသီးဟင်းရွက် ‌ရောင်းချခြင်းထက် ဝင်‌ငွေ ပို‌ကောင်းနိုင်သည့် ထိုင်းနိုင်ငံတွင်း အခြား‌နေ့စား အလုပ်များလုပ် ကိုင်မည်ဆိုလျှင်လည်း ကိုဗစ်ကာကွယ်‌ဆေး မထိုးနှံထားရ‌သေးသည့် သူမအဖို့ ဆင့်ကဲ အခက်အခဲများက ရှိ‌နေပြန် သည်။ အဘယ်‌ကြောင့်ဆို‌သော် ကိုဗစ်ကာကွယ်‌ဆေး ထိုးထားသူများကိုသာ ခရီးသွားလာခွင့်ပြုခြင်း၊ အလုပ်ရှင်များက ‌နေ့စားအလုပ်သမား‌ခေါ်ရာတွင် သူမကဲ့သို့ ကာကွယ်‌ဆေးမထိုးရ‌သေးသူများကို လက်မခံခြင်း‌ကြောင့် အလုပ်လုပ်လို ‌သော်လည်း အလုပ်အကိုင်မှာ ရှားပါးလျက်ရှိ‌နေသည်။

လတ်တ‌လော အ‌ခြေအ‌နေတွင် သူမ၏ အင်ဖက်မိုး ဝါးတဲအိမ်က‌လေးမှာ အချို့‌နေရာများ၌ ပြိုပျက်လုနီးနီးဖြစ်‌နေပြီး ပြန်ပြုပြင်ရန် လိုအပ်‌နေ‌ပေသည်။ ထို့အတွက်‌ကြောင့် တဲအိမ်‌လေးမှာ သူမတို့သားအမိများအတွက် လုံလုံခြုံခြုံ ‌နေရ သည့်အ‌ခြေအ‌နေမျိုး မရှိသည့်အပြင် မိုးရွာသည့်ညမျိုးဆိုလျင် ‌ပေါက်ပြဲ‌နေသည့်ဖက်မိုးမှာ မိုးယိုသည့်အတွက် ‌ကောင်း ‌ကောင်း မအိပ်စက်ရ‌ကြောင်း သူမက ဖွင့်ဟ‌ပြောဆိုသည်။

ထို့အပြင် စားဝတ်‌နေ‌ရေးအတွက် ‌တွေးပူကာ ညဘက်တွင် ‌တော်ရုံနှင့် အိပ်မ‌ပျော်နိုင်ဖြစ်ရပြီး တစ်ဆက်တည်းမှာ ခင်ပွန်းမရှိသည့်အတွက် အချို့သူများက သူမအား ညအချိန်တွင် မ‌တော်မတရား ပြုကျင့်ရန် ကြံစည်သည့်အ‌ခြေအ‌နေ မျိုးကိုလည်း ကြုံခဲ့ရ‌သေးသည်။ ထို့‌ကြောင့် ‌ယောက်ျား အိမ်သားတစ်ဦးဦးရှိလျှင်လည်း ပို‌ကောင်းမည်ဟု သူမ ‌တွေးမိ ရင်း ‌ပြောပြသည်။

“ညပိုင်းအချိန်‌တွေမှာဆို ‌ကြောက်ရတယ်။ က‌လေးကလည်း မိန်းက‌လေး‌တွေ။ အ‌မေကလည်း မိန်းမသားဆို‌တော့ ‌ယောက်ျားသားရှိရင်‌တော့ ‌ကောင်းတာ‌ပေါ့။ အခုမရှိ‌တော့ အ‌ကြောက်တရားနဲ့ပဲ ‌နေရတာ‌ပေါ့။ အရက်သမား‌တွေက မူးပြီဆိုရင် ဘာမှမသိ‌တော့ဘူး။ အဲလိုမျိုး မူးရူး‌နေတဲ့ အရက်သမား‌တွေ ညအိပ်ချိန်မှာ ကျမရဲ့ခြင်‌ထောင်ထဲကို ဝင်လာ ပြီး မ‌ကောင်းတဲ့ အပြုအမူ‌တွေ လာလုပ်တာမျိုး ကြုံခဲ့ဘူးတယ်။ ဒါ‌ပေမယ့် ကျမ သူ့ရဲ့အကြံအစည်က‌နေ လွတ်‌မြောက် ခဲ့တယ်။”ဟု နန်းတင်တင်နုက ရင်ဖွင့်‌ပြောဆိုသည်။

အသက်ငယ်ရွယ်‌သေး‌သော သူမသည် ဘဝတိုက်ပွဲကို အခက်အခဲ အမျိုးမျိုးကြားက မိသားစု စားဝတ်‌နေ‌ရေးအတွက် ရုန်းကန်‌နေရသည့် အမျိုးသမီးများစွာထဲမှ တစ်ဦးသာ ဖြစ်သည်။ အချို့မှာ အသက် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဘဝသို့ ‌ရောက်ရှိပြီး ရင်‌သွေးငယ်‌လေးများနှင့်အတူ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်‌ကျော်‌နေသည့် အမျိုးသမီးများရှိသကဲ့သို့ အချို့ဆိုလျှင်လည်း စစ်‌ရေးပဋိပက္ခ ဖြစ်ပွားရာ‌ဒေသတွင် ‌မြေမြှပ်မှိုင်း ထိမှန်ခဲ့ကာ ‌ခြေ‌ထောက်ဖြတ်လိုက်ရသည့် အိမ် ‌ထောင်မဲ့ အမျိုးသမီးများလည်း ရှိ‌နေသည်။

လက်ရှိ ကိုဗစ်‌ကြောင့် ကန့်သတ်မှုများစွာ ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် အတွက် အိမ်‌ထောင်ဦးစီး‌နေ ရာယူထားရသည့် အမျိုးသမီးများစွာတို့မှာ မိသားစုစားဝတ်‌နေ‌ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်‌နေရပြီး ၎င်းတို့ကို ကူညီ‌ထောက်ပံ့‌ပေးမည့်သူနှင့် အဖွဲ့အစည်းများမှာလည်း လက်လှမ်းမှီမှု မရှိသ‌လောက်ဖြစ်‌နေသည်။

ယခုကဲ့သို့ ဘဝကို ကြိုးစားရုန်းကန်ဖြတ်သန်း‌နေသည့် နန်းတင်တင်မူအ‌နေဖြင့် အခက်အခဲများရှိ‌သော်လည်း စိတ်ပျက် အား‌လျော့ဟန် မရှိဘဲ သူမ၏ က‌လေးငယ်များ အနာဂတ်ဘဝ လှပ‌ရေး ပညာတတ်များဖြစ်‌စေရန် ရည်မှန်းထား‌သော် လည်း က‌လေးများပညာ‌ရေးအတွက် သူမတစ်ဦးတည်း ယခုထက် ပိုမို ရုန်းကန်ရမည်ဖြစ်‌ကြောင်း သူမ၏ စဉ်းစားထား ပုံကို ယခုလို ‌ပြောပြသည်။

“လာမယ့် ‌ရှေ့ဆက်ဖို့မှာ‌တော့ က‌လေး‌တွေရဲ့အနာဂတ် ‌ကောင်းမွန်ဖို့အတွက် ပညာတတ်‌တွေဖြစ်‌စေချင်ပြီး ‌ကျောင်း တက်ချိန်မှာလည်း သူတို့‌လေး‌တွေကို ‌ကျောင်းထားနိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။ တစ်‌နေ့‌နေ့ တချိန်ချိန်မှာ သာယာတဲ့မိသားစုဘဝမျိုးကို ရရှိနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။”ဟု သူမက က‌လေးငယ်တစ်ဦးကို ပုခက် လွှဲသိပ် အိပ်စက်‌စေရင်း အင်ဖက်မိုး‌သော ဝါးတဲအပြင်ဘက်ကို ‌ငေး‌မောလှမ်း‌မျှော်ကြည့်ရင်း ‌ပြော‌လေသည်။