Home သတင်း ထိုင်းဘက်သို့ စစ်‌ရှောင်‌နေသူ ၁၃ဝ ခန့် မြဝတီဘက်သို့ ပြန်ဝင်လာ

ထိုင်းဘက်သို့ စစ်‌ရှောင်‌နေသူ ၁၃ဝ ခန့် မြဝတီဘက်သို့ ပြန်ဝင်လာ

1195

ဒီဇင်ဘာ ၁၉ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌လေး‌ကေ‌ကော်‌ဒေသတိုက်ပွဲ‌ကြောင့် ထိုင်းဘက်သို့ စစ်‌ဘေး‌ရှောင်ခဲ့‌သော မဲ့‌ထော်သ‌လေး‌ကျေးရွာမှ ပြည်သူ ၁၃၂ ဦး မှာ ယ‌နေ့ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ဘုရား‌လေးဂိတ်မှတဆင့် ပြန်လာကြ‌ကြောင်း သိရသည်။

“ဒီ‌နေ့ ပြန်လာသူ မဲ့‌ထော်သ‌လေး ‌ကျေးရွာ‌နေ ပြည်သူများနှင့်ရွာမှာအလုပ်လုပ်ဖို့ ‌ရောက်ရှိ‌နေသူ‌တွေဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်‌နေ့မှာ မဲ့‌ထော်သ‌လေးရွာဘက်ထိ တိုက်ပွဲ‌တွေဖြစ်လာတဲ့အတွက်‌ကြောင့် ထိုင်းဘက်ခြမ်းသို့ သွား‌ရောက် တိမ်း‌ရှောင်ခဲ့ကြပြီး ဒီက‌နေ့ မြဝတီဘက်သို့ ပြန်လာကြတာပါ။ “ဟု ယ‌နေ့ ပြန်လာသူများအား ကြိုဆို‌ရေး‌ဆောင်ရွက်‌ပေး‌နေသည့် တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

အဆိုပါ ပြန်လာသူအများစုမှာ မြဝတီမြို့ရှိ ၎င်းတို့၏ ‌ဆွေးမျိုး မိတ်‌ဆွေများ ‌နေအိမ်တွင် ‌ခေတ္တ‌နေထိုင်ရန် ပြန်လာကြ‌ကြောင်း ၎င်းက ဖြည့်စွက် ‌ပြောဆိုသည်။

ထိုသို့ပြန်လည်ဝင်‌ရောက်လာသူများကိုနယ်ခြား‌စောင့်တပ် -BGF တပ်နယ် (၄) တပ်နယ်မှူး ဗိုလ်မှူး‌စောမုတ်သုန် နှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ပြီး လူတစ်ဦးလျှင် ထမင်း ၁ ဘူး နှင့် ‌ငွေကျပ် ၁ ‌သောင်းစီ‌ဝေ‌ပေးခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၅ ရက်‌နေ့က စတင်ခဲ့သည့် ‌လေး‌ကေ‌ကော်‌ဒေသတွင် ဖြစ်ပွားလျက်ရှိ‌သော KNLA မဟာမိတ်အဖွဲ့နှင့် စစ်‌ကောင်စီတပ်၊ BGFပူး‌ပေါင်းတပ်တို့၏ တိုက်ပွဲမှာ ယ‌နေ့ ဒီဇင်ဘာ ၁၉ ရက်‌နေ့ထိ ဆက်လက်ပြင်းထန်လျက် ရှိ‌နေဆဲဖြစ်သည်။

ယ‌နေ့ ည‌နေ ၅ နာရီခန့်တွင်လည်း စစ်‌ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု‌ကြောင့် နယ်စပ်တွင် ခိုလှုံ‌နေသည့် စစ်‌ရှောင်များသည် ‌သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းဘက်ခြမ်းသို့ လူအင်အား အလုံးအရင်းဖြင့် ထပ်မံထွက်‌ပြေးခဲ့ကြရသည်ဟု သိရသည်။