Home ဆောင်းပါး ဖျက်ဆီးခံ သိုက်မြုံအတွက် လိုအပ်‌နေသည့် ကမ်းလက်များ

ဖျက်ဆီးခံ သိုက်မြုံအတွက် လိုအပ်‌နေသည့် ကမ်းလက်များ

1377

ဖျက်ဆီးခံ သိုက်မြုံအတွက် လိုအပ်‌နေသည့် ကမ်းလက်များ

စအိုင်ဆူး

(နိုဝင်ဘာ ၇၊ ၂၀၂၁)

‌ဒေါန‌တောင်‌ခြေရင်း၏ ‌ကျောက်ခင်းလမ်း‌ပေါ်က‌နေ လှမ်းကြည့်လိုက်လျှင် ‌သောင်ရင်းမြစ်‌ရေက တသွင်သွင် စီးဆင်း ‌နေသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြားကို ပိုင်းခြားထား‌သော ‌သောင်ရင်းမြစ်ကမ်းနဖူး‌ပေါ်က အင်ဖက်မိုး‌နေအိမ်တဲ ‌လေးတစ်လုံးကို မြင်‌တွေ့ရပြီး ‌နေအိမ်ထဲက‌နေ က‌လေးငယ်‌အော်ငိုသံကိုလည်း ကြား‌နေရသည်။

လူ‌နေအိမ်ဆို‌သော်ငြားလည်း အရွယ်အစား မကြီးမ‌သေး သစ်လုံးပင်စည်များကို အိမ်တိုင်ပြုလျက် ယာယီ အင်ဖက်မိုး ထားသည့် ‌နေအိမ်‌လေးမှာ အကာအရံမဲ့လျှက်ရှိသည်။ ယင်းအိမ်တွင် ‌လှေခါးဖြင့် အတက်အဆင်းလုပ်ထား‌သော လူနှစ် ‌ယောက်စာ အိပ်ခန်းစင်‌ပေါ်၌ ‌ဟောင်းနွမ်း‌နေသည့် ပုခက်‌လေးတစ်လုံးရှိကာ ‌ဘေးတစ်ဖက်တစ်ချက်တွင်မူ ဟိုတစ်စု သည်တစ်စု ပြန့်ကျဲ‌နေသည့် အဝတ်အစား အ‌ဟောင်းနွမ်းထည်‌လေးများလည်း ရှိ‌နေသည်။

‌နေသင့်သလိုသာ ‌ဆောက်လုပ်ထားခဲ့ကြသည့် အဆိုပါတဲအိမ်ငယ်‌လေးထဲတွင် အသက် ၂၄နှစ်အရွယ် ‌နော်‌ကော်မူမှာ ၁ဝလသားအရွယ် သားငယ်‌လေးနှင့် ၂နှစ်‌ကျော်အရွယ် သမီး‌လေးတို့ အတူ‌နေထိုင်‌နေကြသည်။ လူမမယ်က‌လေးငယ် နှစ်ဦး၏ ဖခင်ဖြစ်သူက‌တော့ အိမ်ပြန်မလာနိုင်သည်မှာ ခုနှစ်လ‌ကျော်ကြာခဲ့ပြီးဖြစ်‌ကြောင်း သူမက ဆိုသည်။

အလုပ်က အိမ်ပြန်အ‌ရောက် ‌ချွေးမသုတ်အားဘဲ ‌နော်‌ကော်မူတစ်‌ယောက် အူးယားဖားယားဖြင့် ‌ပွေ့ချီရန် ငို‌ကြွေးလက် ကမ်းလာ‌သော လသားအရွယ် သား‌လေးကို နို့ချိုတိုက်‌ကျွေးရသည်။ တစ်ဖက်တွင်လည်း ၂နှစ်အရွယ်သမီး‌လေးကိုပါ ‌ချော့‌မော့ကစား‌ပေး‌နေရင်း ‌နေအိမ်ပြန်မလာနိုင်‌တော့သည့် သူမခင်ပွန်း၏ အဖြစ်အပျက်ကို ရှင်းပြ‌လေသည်။

‌နေ့ရက်အတိအကျ မ‌ပြောပြနိုင်‌သော်လည်း သူမ၏သားငယ် ၃လသား‌ကျော်အရွယ်တွင် ခင်ပွန်းဖြစ်သူမှာ ‌နေအိမ်က ထွက်သွားပြီး အချိန်အ‌တော်ကြာ အဆက်အသွယ်ပြတ်‌တောက်ခဲ့ရာက လွန်ခဲ့သည့် ၂လ‌ကျော်တွင် ‌သေဆုံးသွားပြီးဖြစ် ‌ကြောင်း သူမ၏‌ယောက္ခမထံမှ သတင်းကြားလိုက်ရသည်ဟု ဆိုသည်။

‌နော်‌ကော်မူ၏ ခင်ပွန်းမှာ ယခင်က နယ်ခြား‌စောင့်တပ်(BGF)၏ တပ်သားအဆင့် တပ်ဖွဲ့ဝင်‌ဟောင်းတစ်ဦးဖြစ်ပြီး စစ် သားအ‌နေဖြင့် မလုပ်ကိုင်လို‌တော့ဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်‌မြေတွင် ၎င်း၏ မိသားစု နှင့်အတူ ဇနီးသည်၏ အဖိုးအဖွားများထံ၌ လာ‌ရောက်အ‌ခြေချ ‌နေထိုင်လာခဲ့ခြင်းဖြစ်သည်။

အသက် ၂၁နှစ်သာရှိ‌သေးသည့် ‌နော်‌ကော်မူ၏ခင်ပွန်းသည် BGF စစ်သားဘဝကိုစွန့်လွှတ်ပြီး ‌သောင်ရင်းမြစ်ကမ်း နံ‌ဘေးတွင် မိသားစုနှင့်အတူ ‌နေထိုင်ရင်း ကိုယ်ပိုင်လုပ်ငန်းမရှိသည့်အတွက် ကြုံရာ ကျဘမ်းအလုပ်လုပ်ကာ မိသားစု ကို ‌ကျွေး‌မွေး‌စောင့်‌ရှောက်‌နေစဉ် ပြီးခဲ့သည့် ဧပြီလ‌လောက်က ၎င်းတာဝန်ထမ်း‌ဆောင်ခဲ့သည့် BGF တပ်ဖွဲ့က ၎င်းကို လာ‌ရောက်‌ခေါ်ယူခဲ့သည်။

“သူပြန်ဖို့လုပ်တုန်းက ကျမကို ‌ပြောတယ်။ သူ့အ‌နေနဲ့ BGF ပြန်မလုပ်ချင်ဘူးတဲ့။ သူ့ကို သူများလာ‌ခေါ်တာက ပန်းပင် ‌တွေ ‌ရေပြန်‌လောင်းဖို့ ပဲ။ ကျမမိဘ‌တွေကိုလည်း ပန်းပင်‌တွေ ‌ရေ‌လောင်း‌ပေးဖို့ပဲ BGF ပြန်လုပ်တာ မဟုတ်ဘူးတဲ့။ ကျမလည်း သူ့ကို‌ပြောတယ်။ BGF ပြန်လုပ်မယ်ဆိုရင်‌တော့ သူ့ကို ကျမ မ‌ပေါင်းနိုင်ဘူး‌ပြော‌တော့ BGF ပြန်မလုပ်ဘူး တဲ့။ ပန်းပင်‌တွေ ‌ရေပြန်‌လောင်းတာ၊ ထမင်းချက်တာ‌လောက်ပဲ လုပ်‌ပေးရမယ်တဲ့။”လို့ ခင်ပွန်းသည် ‌နေအိမ်မှမထွက် ခွာခင် ‌ပြောခဲ့သည်စကားကို ‌နော်‌ကော်မူက ပြန်‌ပြောပြသည်။

သို့‌သော် ထိုစကားမှာ ‌နော်‌ကော်မူ ‌နောက်ဆုံးကြားရလိုက်သည့် သူမခင်ပွန်း၏စကား ဖြစ်လိမ့်မည်ဟု ‌မျှော်လင့်မထား ချိန်မှာပဲ ခင်ပွန်းဖြစ်သူမှာ မိမိကိုယ်ကို ‌သေ‌ကြောင်းကြံသွားခဲ့‌ကြောင်း BGF တပ်ဖွဲ့က ‌ပြောပြသည်ဟု ဆိုသည်။

‌နော်‌ကော်မူက “သူ‌သေသွားတာ နှစ်ပတ်‌လောက်ကြာမှ ကျမတို့ သိရတာ။ ကျမ‌ယောက္ခမဆီက‌နေ သိရတာ‌ပေါ့။ သူတို့ (BGF)‌ပြောတာက ကျမ‌ယောက်ျားက သူ့ကိုယ်သူ သတ်‌သေသွားတာတဲ့။ ဒါ‌ပေမဲ့ ကျမ‌ယောက္ခမ‌ကော၊ ကျမ‌ကော မယုံပါဘူး။ အသိမိတ်‌ဆွေဆီက‌နေ မြင်ရတဲ့ပုံမှာဆိုရင် သူ့ရင်ဝတည့်တည့်မှာ ‌သေနတ်ဒဏ်ရာရထားတာ။”လို့ ရှင်းပြ သည်။

ခင်ပွန်းသည် ‌သေဆုံးသွားရသည်ဖြစ်စဉ်မှာ မိမိကိုယ်ကို ‌သေ‌ကြောင်းကြံသွားသည်ဟူသည့် အ‌ကြောင်းပြချက်ကိုသာ ရရှိခဲ့ကြပြီး ‌သေဆုံးဖြစ်စဉ်၏ ‌နောက်ကွယ်အ‌ကြောင်းအရာကို အ‌သေအချာ မသိရှိခဲ့ကြရ‌ပေ။ သို့‌သော်လည်း သူမတို့ နှင့်ရင်းနှီးသည့် မိတ်‌ဆွေများထံမှ ပြန်ကြားရသည်မှာ KNU တပ်မဟာ (၅) ‌ရှေ့တန်းနယ်‌မြေသို့ ပို့‌ဆောင်ခြင်းခံခဲ့ရပြီး ‌နောက် ကျဆုံးသွားသည်ဟု ‌နော်‌ကော်မူ၏အဖိုးက ‌ပြောပြသည်။

KNU မူ‌တြော်ခရိုင်ဖြစ်သည့် တပ်မဟာ (၅)နယ်‌မြေသည် KNU နယ်‌မြေအားလုံးထဲတွင် KNLA နှင့် နယ်ခြား‌စောင့်တပ် ပါဝင်‌သော စစ်‌ကောင်စီတပ်တို့၏ တိုက်ပွဲဖြစ်ပွားမှု အကြိမ်‌ရေ အများဆုံးနှင့် ထိခိုက် ‌သေ‌ကြေ ပျက်စီးမှု အဆိုးရွားဆုံး ‌ဒေသဖြစ်သည်။ KNU ဘက်က ထုတ်ပြန်သည့် လစဉ် တိုက်ပွဲဖြစ်ပွားမှု အချက်အလက်များအရ နှစ်ဖက်တိုက်ပွဲတွင် စစ်‌ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်ဘက်မှ ကျဆုံးမှု အများဆုံးဖြစ်‌နေပြီး လစဉ် ပျမ်းမျှ ၁၀ဝနီးပါး ကျဆုံးလျက်ရှိသည်ဟု သတင်းအချက်အလက်အရ သိရသည်။

BGF တပ်ဖွဲ့ဝင်ဖြစ်သူ ‌နော်‌ကော်မူ၏ခင်ပွန်း ‌သေဆုံးခဲ့သည့်အတွက် ပံ့ပိုးမှုအဖြစ် ဆန် ၁၂အိတ်သာ ရရှိခဲ့သည်။ ဖခင်မဲ့ သွားသည့် လူမမယ်‌လေးနှစ်ဦးကို ‌စောင့်‌ရှောက်ပျိုး‌ထောင်ရင်း အချိန်ပိုင်း ရရာအလုပ်လုပ်ကာ မိသားစု စားဝတ်‌နေ ‌ရေးအတွက် သူမ ‌ဖြေရှင်း‌နေရသည်။ ခင်ပွန်းသည် မရှိ‌တော့သည့်‌နောက် သားသည်မိခင်ဖြစ်သူ သူမအတွက် အလုပ် ‌ပေးမည့်သူလည်း မရှိသ‌လောက်ရှားသည်ဟုလည်း ဆိုသည်။

“‌ယောက်ျားမရှိ‌တော့ က‌လေးနှစ်‌ယောက်နဲ့ ကျန်ခဲ့ရတာ‌ပေါ့။ က‌လေးနှစ်‌ယောက်နဲ့ဆို‌တော့လည်း သူများလည်း အလုပ်သိပ်မ‌ခေါ်ချင်‌တော့ အဆင်မ‌ပြေဘူး‌လေ။ က‌လေးနဲ့‌နေရင်းနဲ့ပဲ ဒီလိုပဲ လုပ်ရတာ‌ပေါ့။”ဟု ‌နော်‌ကော်မူက ‌ပြော ဆိုသည်။

‌နော်‌ကော်မူမှာ ခင်ပွန်းရှိစဉ်အခါက ရှာ‌ဖွေစု‌ဆောင်းထားသည့် ‌ငွေ‌ကြေးအနည်းငယ် အရင်းအနှီးဖြင့် အိမ်ဆိုင်ငယ်‌လေး တစ်ခုဖွင့်ကာ ‌ဈေး‌ရောင်း‌နေနိုင်ခဲ့‌သော်လည်း ယခုဆိုလျှင် ဆိုင်အရင်းအနှီးလည်းပြုတ်ကာ ‌နေအိမ်မိုးရန် အ‌ကြွေးနှင့် ဝယ်ယူခဲ့သည့် အင်ဖက်ဖိုးကိုပင် ယ‌နေ့အချိန်ထိ မဆပ်နိုင်‌သေးဘဲ ဖြစ်‌နေခဲ့ရသည်။

ယခုအချိန်တွင် တစ်မိသားစုတည်း ရပ်တည်‌နေနိုင်ရန် ခက်ခဲလာသည့်အတွက် အသက် ၇၀‌ကျော်အရွယ်ရှိ သူမ၏ အဖိုးအဖွားများနှင့်အတူ သွား‌ရောက်‌နေထိုင်ခဲ့ရသည်။ သူမ၏ သားသမီးနှစ်ဦးကိုလည်း အဖိုးအဖွားများကပင် ကြည့်ရှု ထိန်း‌ကျောင်း‌ပေး‌နေရသည်ဟု ဆိုသည်။

ယခင်က KNU စစ်သား‌ဟောင်းဖြစ်ခဲ့သူ ‌နော်‌ကော်မူ၏အဖိုးမှာ ‌မြေမြှုပ်မိုင်းထိမှန်ကာ ‌ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ် သည်။ အဖိုးအ‌နေဖြင့် ရာသီ‌ပေါ်အလုပ်နှင့် အရက်ကြိုချက်‌ရောင်းချခြင်းဖြင့်သာ စားဝတ်‌နေ‌ရေးကို ‌ဖြေရှင်း‌နေရသဖြင့် ‌မြေးဖြစ်သူ၏ သားငယ်နှင့် သမီး‌လေးတို့နှစ်ဦး အနာဂတ်အတွက် စိုးရိမ်ပူပန်မိ‌ကြောင်းလည်း သူက ဆိုသည်။

“က‌လေး‌တွေက ငယ်ငယ်က‌လေးကတည်းက ဒီမှာပဲ လာလာ‌နေကြပါပဲ။ ကိုယ်ကလည်း မယ်မယ်ရရ ဘာမှလုပ်နိုင် တာမှ မဟုတ်တာ။ ‌ခြေ‌ထောက်တစ်ဖက်ကလည်း ပြတ်‌နေ‌တော့ အခု သူတို့ အ‌ဖေမရှိ‌တော့‌နောက်ပိုင်း ပိုကြည့်ရတာ ပိုပင်ပမ်းတာ‌ပေါ့။ က‌လေး‌တွေကြီးလာလို့ ‌ကျောင်းကူညီပို့‌ပေးနိုင်မဲ့သူရှိရင်‌တော့ ပို‌ကောင်းတာ‌ပေါ့‌လေ။ ငါတို့လို လူကြီး‌တွေအတွက်‌တောင် အင်မတန် ရုန်းကန်‌နေရတာ‌လေ။”ဟု ‌တောင်‌ပေါ်‌ဒေသ‌နေ ကရင်အဖိုးကြီးပီပီ ဘဝ၏ စိန်‌ခေါ်မှုကို အပူအပန်မရှိဟန် ရယ်‌မောကာ ‌ပြောပြရှာသည်။

‌နော်‌ကော်မူလို သာမန် အိမ်‌ထောင်သည် မုဆိုးမတစ်ဦးအ‌နေဖြင့် ရင်‌သွေးငယ်နှစ်ဦးအတွက် ‌ရှေ့ဆက်ရမည့် အနာဂတ် တွင် စိန်‌ခေါ်မှုများစွာရှိ‌နေပြီး သူမ၏ မိသားစုအတွက် အဖိုးဖြစ်သူ ‌မျှော်လင့်သလို ကူညီနိုင်မည့်ကမ်းလက်များလည်း လိုအပ်လျှက်ရှိ‌နေသည်။

သူမတို့‌နေထိုင်လျှက်ရှိသည့် ‌ကေအဲန်ယူနယ်‌မြေ၌ KWO-ကရင်အမျိုးသမီးအစည်းအရုံး ခရိုင်အဆင့် တာဝန်ရှိသူများ လည်း ရှိသည်။ ခရိုင် KWO အတွင်း‌ရေးမှူး ‌နော်ရှီးဝါးမှာ ‌နော်‌ကော်မူတို့၏မိသားစုအတွက် အစားအ‌သောက်တချို့ ကူညီပံ့ပိုး‌ပေး‌နေသလို က‌လေးများ၏ ပညာ‌ရေးအတွက်လည်း မိသားစုဝင်များနှင့် အနည်းငယ် တိုင်ပင်‌ပြောဆိုမှုရှိထား သည်ဟု ဆိုသည်။

“က‌လေးငယ်နှစ်‌ယောက်ကလည်း အသက်က အရမ်းငယ်‌သေး‌တော့ သူတို့မိသားစုအတွက် စိန်‌ခေါ်မှုက အင်မတန် ကြီးမားမယ်ဆိုတာ နားလည်လို့ရပါတယ်။ သူတို့လည်း ပြည့်စုံတဲ့ မိသားစုမဟုတ်တဲ့အတွက် ‌နေထိုင်စား‌သောက်ဖို့၊ က‌လေး‌တွေရဲ့ အနာဂတ်ပညာ‌ရေးအတွက်က အရမ်းကို ခက်ခဲမယ်လို့ ယုံကြည်တယ်။ ကျမတို့ အကူအညီ‌ပေးမှုအပြင် တခြားအကူအညီ‌တွေပါရရင်‌တော့ သူတို့အတွက် အရမ်းကိုဝမ်းသာမိမှာပါ။”ဟု ‌နော်ရှီးဝါးက ‌ပြောသည်။

အ‌နေဆင်းရဲ‌သော်လည်း ‌စေတနာသဒ္ဒါတရား မဆင်းရဲသည့် ‌နော်‌ကော်မူတစ်‌ယောက် ခင်ပွန်းအ‌ပေါ်ထားရှိသည့် ‌မေတ္တာတရား ကြီးမားသည့်အတွက် BGF တပ်ဖွဲ့ထံမှ ‌ထောက်ပံ့မှုရရှိခဲ့သည့် ဆန်အိတ် ၁၂အိတ်ထဲမှ ၈အိတ်ကို ကျဆုံး သွား‌လေသူ ခင်ပွန်းသည်အတွက် ရည်စူးပြီး ‌ကျေးရွာဘုန်း‌တော်ကြီး‌ကျောင်းတွင် လှူဒါန်းကာ အမျှ‌ဝေ‌ပေးခဲ့သည်။

အိမ်‌ထောင်သက် ၄နှစ်သာ ‌ပေါင်းသင်းခဲ့ရသည့်ခင်ပွန်းကို အ‌ကြောင်းရင်း အခိုင်အမာမသိရှိရဘဲ ဆုံးရှုံးလိုက်ရသလို ခက်ခဲကြမ်းတမ်းသည့် ဘဝကို ရုန်းကန်‌နေရသည့် ‌နော်‌ကော်မူအ‌နေဖြင့် သားသမီးနှစ်ဦးကို ပညာတတ်ကြီးဖြစ်ရန် ‌ကျောင်းထားနိုင်သည့်အရွယ်တွင် ‌ကျောင်းပို့ကာ ပညာသင်ကြား‌စေချင်သည်ဟုလည်း သမီးကြီး၏ မျက်နှာ‌လေးကို ‌စေ့‌စေ့ကြည့်ကာ ‌ပြောပြရှာသည်။

ဖခင်ဖြစ်သူ အိမ်ပြန်မလာနိုင်‌တော့သည်ကို နားမလည်‌သေးသည့် ၂နှစ်‌ကျော်အရွယ် သမီးကြီးမှာ ရံဖန်ရံခါ ဖခင်ပြန် လာသည်ကို မြင်‌တွေ့ရဟန်ဖြင့် တခါတရံ ‌အော်‌ခေါ်‌လေ့ရှိ‌သော်လည်း ၁ဝလသားအရွယ် သားငယ်‌လေးမှာမူ ဖခင်၏ မျက်နှာကိုပင် မှတ်မိ‌နေမည်မဟုတ်‌ကြောင်း ‌နော်‌ကော်မူက ဆိုသည်။

မြန်မာနိုင်ငံတွင် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီး‌နောက် ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများ၊ ပစ်ခတ်မှုများ‌ကြောင့် အပြစ်မဲ့ ရွာသူရွာသားများ၊ က‌လေးသူငယ်များအပြင် ကျဆုံးစစ်သည်များ၏ မိသားစုဝင်များ လည်း ယင်းသို့ အတိဒုက္ခ‌ရောက်ခဲ့ကြသူ အများအပြား ရှိ‌နေမည်ဖြစ်‌သော်လည်း တိကျသည့် အချက်အလက်ရရှိရန်မှာ ခက်ခဲလှသည်။

ထိုသို့စစ်မက်‌ရေးရာပဋိပက္ခ‌ကြောင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းနှင့် အသက်ကိုပါ ‌ပေးဆပ်ခဲ့ရသူများထဲတွင် ‌နော်‌ကော်မူ ၏ခင်ပွန်းလည်း ပါဝင်ခဲ့သလို မထိုက်တန်‌သော ‌ပေးဆပ်ဆုံးရှုံးမှုနှင့် မမျှတစွာ ရရှိလိုက်သည်မှာ သိုက်မြုံငယ်တစ်ခု ပျက်စီးသွားခြင်းပင်။ မည်သို့ပင်ဖြစ်‌စေ တစ်‌ကျော့ပြန် စစ်ပွဲများကြားက မငြိမ်းချမ်း‌သေးသည့်ဘဝ၊ ရင်‌သွေးငယ် ၂ဦး၏ အနာဂတ်နှင့် မိသားစုအသိုက်အမြုံအတွက် ပင်ပမ်းဆင်းရဲမှုကို ရင်ဆိုင်ရင်း ‌သောင်ရင်းမြစ်ကမ်းတစ်‌နေရာတွင် ကရင် တိုင်းရင်းသူအမျိုးသမီးငယ် ‌နော်‌ကော်မူတစ်‌ယောက် ဆက်လက် ရုန်းကန်ရ‌ပေအုံးမည်ဖြစ်သည်။