Home သတင်း ထိုင်းက MoU စနစ်ဖြင့် လုပ်သား ၈၀,၀၀ဝ ‌ခေါ်ယူမည်ဟုဆို‌သော်လည်း မြန်မာဘက်က ‌အေဂျင်စီများအ‌ပေါ် ညွှန်ကြားမှုတစုံတရာ မရှိ‌သေး

ထိုင်းက MoU စနစ်ဖြင့် လုပ်သား ၈၀,၀၀ဝ ‌ခေါ်ယူမည်ဟုဆို‌သော်လည်း မြန်မာဘက်က ‌အေဂျင်စီများအ‌ပေါ် ညွှန်ကြားမှုတစုံတရာ မရှိ‌သေး

1515

နိုဝင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ရွှေ့‌ပြောင်းလုပ်သား ၈၀,၀၀ဝ (ရှစ်‌သောင်း)ခန့်ကို လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံက MoU စနစ်ဖြင့် ‌ခေါ်ယူမည်ဟုဆို‌သော်လည်း မြန်မာနိုင်ငံအလုပ်သမားညွှန်ကြား‌ရေး ဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး ‌အေဂျင်စီများအ‌ပေါ် ယ‌နေ့အထိ ညွှန်ကြားမှုတစုံတရာမရှိ‌သေး‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းလုပ်သားလိုအပ်ချက်ကို ‌ဖြေရှင်းနိုင်ရန်အတွက် လာမည့် ဒီဇင်ဘာလတွင် ‌ရွှေ့‌ပြောင်းလုပ်သား (၈၀,၀၀၀) ခန့်ကို ‌ခေါ်ယူခွင့်ပြုမည်ဖြစ်‌ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr Suchat Chonklin က ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်‌နေ့တွင် ပြုလုပ်သည့် အစည်းအ‌ဝေး၌ ‌ပြောကြားခဲ့‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။

“ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံက ‌အေဂျင်စီ( ၄)ခုနဲ့ ညှိနှိုင်း‌နေတယ်။ ထိုင်းနိုင်ငံထဲကို MoU လုပ်သားတင်သွင်း‌တော့မှာ ‌ပေါ့ဗျာ။ ‌လော‌လောဆယ် လုပ်သားရှစ်‌သောင်းကို‌ဆောလျှင်စွာ‌ခေါ်ယူခွင့်ပြုမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr Suchat Chonklin က‌ပြောကြားခဲ့ပါတယ်။”ဟု မဲ‌ဆောက်အ‌ခြေစိုက် ထိုင်း‌ရောက်မြန်မာလုပ်သားအ‌ရေး‌ဆောင်ရွက်သူ မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်းလှုပ်ရှားမှု‌ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

ထိုသို့ ထိုင်းနိုင်ငံမှ MoU စနစ်ဖြင့် လုပ်သား (၈၀,၀၀၀)‌ခေါ်ရန် ‌ပြောဆိုမှုများရှိ‌သော်လည်း မြန်မာ အလုပ်သမား ညွှန်ကြား‌ရေးဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး‌အေဂျင်စီများအ‌ပေါ် ယ‌နေ့အထိ တစုံတရာ ညွှန် ကြား လာမှုမရှိ‌သေးဘူးဟု ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေး‌အေဂျင်စီ ကုမ္ပဏီပိုင်ရှင်များက ‌ပြောသည်။

” အဲ့ဒါနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားညွှန်ကြား‌ရေး ဦးစီးဌာနက ဘာမှ‌ပြောကြားတာ‌တော့ မရှိ‌သေးဘူး။ ဒါ‌ပေမယ့် လာမည့် နိုဝင်ဘာ ၁၂ ရက်‌နေ့မှာ‌တော့ မြန်မာအလုပ်သမားညွှန်ကြား‌ရေး ဦးစီးဌာနက‌နေပြီး ပြည်ပ အလုပ်အကိုင်ရှာ‌ဖွေ‌ရေး ‌အေဂျင်စီများအဖွဲ့ချုပ် (MOEAF)ကို‌တော့ ‌နေပြည်‌တော်မှာ အစည်းအ‌ဝေးလုပ်ဖို့ ‌ခေါ် ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအ‌ဝေးပြီးမှပဲ ‌အေဂျင်စီ‌တွေကို ဆက်လက်ညွှန်ကြားလာလိမ့်မယ်လို့ ယူဆမိတယ်”ဟု ပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး ‌အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ‌ပြောသည်။

Covid-19 ဂယက်‌ကြောင့် ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသ‌ဘောတူစာချုပ် MoU စနစ်ဖြင့် ‌ရွှေ့‌ပြောင်းလုပ်သား တင်ပို့ မှုအား ၂၀၂ဝ ခုနှစ် မတ်လကတည်းက ရပ်နားထားရပြီး ထိုအ‌တောအတွင်း ‌အေဂျင်စီ (၁၀၀)‌ကျော်မှ ထိုင်းသို့ ‌စေလွှတ်ရန် စာချုပ်ချုပ်ပြီးသူ ‌ရွှေ့‌ပြောင်းလုပ်သား (၆၀,၀၀၀) ခန့်မှာ ထွက်ခွာခွင့်မရဘဲ ယခုထိ ‌သောင်တင် လျက်ရှိ‌နေသည်။

“ထိုင်းက ‌ရွှေ့‌ပြောင်းလုပ်သား ရှစ်‌သောင်း‌ခေါ်မယ်ဆို‌တော့ ဒီအတွက် ဝမ်းသာပါတယ်။ ယခုလို ‌ခေါ်တဲ့‌နေရာမှာ ပြီးခဲ့တဲ့ ကိုဗစ်ဂယက်‌ကြောင့် တစ်နှစ်‌ကျော်ကြာ ပြည်ပသို့ ထွက်ခွာခွင့် မရခဲ့တဲ့ စာချုပ်ချုပ်ပြီး‌သော ‌ရွှေ့‌ပြောင်း လုပ်သား ‌ခြောက်‌သောင်းကို ဦးစား‌ပေးအ‌နေနဲ့ ‌စေလွတ်‌စေချင်ပါတယ်” ဟု အထက်ပါ ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေး ‌အေဂျင်စီလုပ်ငန်းရှင်က ဆက်‌ပြောသည်။

၎င်းအပြင် ၂၀၂ဝ ခုနှစ် မတ်လမှစ၍ ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်း ထိုင်းမှ ပြန်လာသည့် မြန်မာလုပ်သား ၂ သိန်း‌ကျော်ရှိခဲ့ရာ ထိုသို့ ပြန်လာသူများသည် ပတ်စ်ပို့စာရွက် စာတမ်းများရှိ‌သော်လည်း ထိုင်းနိုင်ငံကို တရားဝင်ပြန် သွား၍ မရရှိသည့်အတွက် ၎င်းတို့သည် တရားမဝင်နည်းလမ်းများဖြင့် ထိုင်းသို့ ပြန်လည်ဝင်‌ရောက်မှုများရှိပြီး မကြာခဏဆိုသလို ဖမ်းဆီးခြင်းခံ‌နေရသည်ဟု အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများက ‌ပြောသည်။

သို့ဖြစ်၍ ထိုင်းက‌နေ MoU စနစ်ဖြင့် ‌ရွှေ့‌ပြောင်းလုပ်သား စတင်‌ခေါ်ယူခြင်း မတိုင်မီ ကိုဗစ်ကာလအတွင်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌နေရပ်ပြန်လာသူများအား ထိုင်းသို့ တရားဝင်ပြန်သွားခွင့်ရရန် နှစ်နိုင်ငံတာဝန်ရှိသူ များက ဦးစား‌ပေး‌ဆောင်ရွက်သင့်‌ကြောင်း ထိုင်း‌ရောက်မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားများက လိုလား‌နေကြသည်။