Home သတင်း ပု‌လောမြို့နယ်အတွင်းက CDM ဝန်ထမ်း အ‌ယောက် ၂ဝ ခန့်ကို စစ်‌ကောင်စီတပ် ဖမ်းဆီးသွား

ပု‌လောမြို့နယ်အတွင်းက CDM ဝန်ထမ်း အ‌ယောက် ၂ဝ ခန့်ကို စစ်‌ကောင်စီတပ် ဖမ်းဆီးသွား

1759

နိုဝင်ဘာ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ စစ်‌ရေးလှုပ်ရှားမှု ပိုမိုလုပ်‌ဆောင်‌နေသည့် မြိတ်(ဘိတ်)ခရိုင်၊ ပု‌လောမြို့နယ်အတွင်းက အာဏာဖီဆန်‌ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ အ‌ယောက် ၂ဝခန့်ကို ယမန်‌နေ့ နိုဝင်ဘာလ ၁ဝရက်‌နေ့ ည‌နေပိုင်း တွင် စစ်‌ကောင်စီတပ်က ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့‌ကြောင်း ‌ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

၎င်းက “ည‌နေ ၆နာရီခွဲအချိန်‌လောက်က သူတို့ ဘယ်ကိုသွားလာတာလဲ မသိဘူး။ ထွက်‌ပြေးရင်းနဲ့လား မသိဘူး အဲ့ဒါ ဖမ်းမိသွားတယ်။ မ‌နေ့ညက စစ်တပ်က တက်ဝိုင်း‌တော့ ‌ပြေးလွှားရင်းနဲ့ ဖမ်းမိသွားတယ် ထင်ပါတယ်။ အဲ့ထဲမှာ ‌ဒေါက်တာတစ်‌ယောက် ပါတယ်ကြားတယ်။”ဟု ယ‌နေ့ နိုဝင်ဘာလ ၁၁ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖမ်းဆီး‌ခေါ်‌ဆောင်သွားသူများကိုလည်း စစ်‌ကောင်စီဘက်မှ ‌ဒေသခံ ရွာသားများ‌ရှေ့‌မှောက်တွင် ရိုက်နှက် ထု‌ထောင်းမှုများ ပြုလုပ်ခဲ့‌သေး‌ကြောင်းလည်း ၎င်း‌ဒေသခံ သတင်းအရင်းအမြစ်က ဆက်‌ပြောသည်။

လတ်တ‌လောတွင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် ပု‌လောမြို့နယ် ရှမ်းဒွတ်၊ မ‌ဒေါ၊ ‌ရေရှမ်း၊ ဂျက်ဂါ၊ မိ‌ချောင်းသိုက်၊ ‌ချောင်းလှ အစရှိသည့် ‌ကျေးရွာအုပ်စုအတွင်း စစ်‌ရေး ဝင်‌ရောက်လှုပ်ရှားမှု များလာသလို ယမန်‌နေ့က စစ်အင်အား ၆ဝ ဖြင့်တက်လာပြီး ယ‌နေ့တွင်လည်း ‌နောက်ထပ် စစ်အင်အား ၅ဝခန့် တိုးမြှင့်လာ‌ကြောင်း ‌ဒေသခံများက ဆိုသည်။

ထိုသို့ စစ်‌ရေး ဝင်‌ရောက်လှုပ်ရှားလာသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မ ဟာ(၄) လက်‌အောက်ခံ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ဖွဲ့ဝင်များအကြား ထိ‌တွေ့တိုက်ပွဲ များ ဖြစ်ပွား‌နေသလို ‌ဒေသခံ‌ကျေးရွာသားများလည်း ‌ဘေးလွတ်ရာသို့ ထွတ်‌ပြေးတိမ်း‌ရှောင်‌နေကြရ‌ကြောင်း KNU တာဝန်ရှိသူများနှင့် ‌ဒေသခံများက ‌ပြောသည်။

CDM ဝန်ထမ်းများအဖမ်းခံရမှုနှင့်ပတ်သက်ပြီး KNU ဘိတ်ထားဝယ်ခရိုင်(တပ်မဟာ -၄)၏ ‌ပြောခွင့်ရ ပဒို‌စောဖ‌လော စိုးဝင်းက “အဲ့ဒီ CDM ဖမ်းခံရတဲ့သတင်း‌တော့ မကြားမိပါဘူး။ တစ်ခုရှိတာက စစ်‌ကောင်စီဘက်က ဝင်လာလို့ တိုက်ပွဲ ဖြစ်ပြီး ထွက်‌ပြေးတဲ့ရွာသား‌တွေကို ရွာပြင်မှာ‌တွေ့‌တော့ ‌ခေါ်စုပြီး ပြန်‌ခေါ်သွားပြီး‌တော့ ပြန်လွှတ်‌ပေးတာပါပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် လက်ရှိ အဖမ်းဆီးခံထားရ‌သော CDM ဝန်ထမ်းများတွင် မည်သူမည်ဝါ ပါဝင်‌ကြောင်းကို ‌ကေအိုင်စီအ‌နေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိ‌သေး‌သော်လည်း နယ်‌မြေခံ KNU တပ်မှူးတစ်ဦးကမူ CDM ၃ဦးသာ အဖမ်းဆီးခံရပြီး ပြင်းထန်စွာ ရိုက်နှက်ဖမ်းဆီးသွားသဖြင့် အသက်ရှင်ရန်လည်း မ‌သေချာ‌ကြောင်း ‌ပြောဆိုသည်။

၎င်းက “ပြီးခဲ့တဲ့ နှစ်ရက်‌လောက်က‌တော့ ၃‌ယောက်‌တော့ ဖမ်းသွားတယ်။ မ‌ဒေါဘက်မှာ ဖမ်းသွားတာ။ သူတို့ကို သတ် မယ်လို့ ထင်တယ်။ အသက်ရှင်ဖို့‌တော့ အလားအလာမရှိဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်‌နေ့ကလည်း ပု‌လောမြို့နယ် မ‌ဒေါ‌ကျေးရွာအတွင်းသို့ စစ်‌ရေး ဝင်‌ရောက်လှုပ်ရှားလာသည့် စစ်‌ကောင်စီ၏ ‌ခြေလျင်တပ်ရင်း(ခလရ-၂၈၅) တပ်ဖွဲ့ဝင်များသည် ‌ဒေသခံ အရပ်သား (၂၀)နီးပါးကို လူသားဒိုင်းအဖြစ် ရွာဘုန်းကြီး‌ကျောင်းတွင် ‌ခေါ်ယူဖမ်းဆီးထား‌ကြောင်းလည်း ‌ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်‌ကောင်စီဘက်မှ ၎င်း‌ဒေသအတွင်းသို့ စစ်‌ရေး ပိုမိုဝင်‌ရောက်လှုပ်ရှားမှုများ ပြုလုပ်‌နေပြီး နယ်‌မြေခံ KNU တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(PDF)နှင့် စစ်‌ရေးတင်းမာမှုများရှိ‌သော်လည်း စစ်‌ကောင်စီဘက်မှာ ‌ဒေသခံရွာသားများကို လူသားဒိုင်းသဖွယ် ‌ခေါ်ယူအကာအကွယ်ပြုထား‌သော‌ကြောင့် တိုက်ခိုက်မှုပြုရန်ခက်‌နေ ‌ကြောင်း ‌ဒေသခံ PDF တပ်ဖွဲ့ဝင်များဘက်က ‌ပြောသည်။