Home သတင်း ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်‌ကျော်မှု‌ကြောင့် ယခုတစ်လအတွင်း ဖမ်းဆီးခံ မြန်မာလုပ်သား ၁၀၀ဝ ဝန်းကျင်ရှိ

ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်‌ကျော်မှု‌ကြောင့် ယခုတစ်လအတွင်း ဖမ်းဆီးခံ မြန်မာလုပ်သား ၁၀၀ဝ ဝန်းကျင်ရှိ

1840
Photo: CJ

‌အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်‌ကျော်ဝင်‌ရောက်မှု‌ကြောင့် ယခု ‌အောက်တိုဘာလတစ်လအတွင်း တစ်ဖက်နိုင်ငံ၌ ဖမ်းဆီးခံရသည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား (၁၀၀၀) ဝန်းကျင်ခန့်ရှိပြီးဖြစ်‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ‌ရောက်ရှိ‌နေသည့် အ‌ထောက်အထားမဲ့ မြန်မာလုပ်သားများအား ထိုင်းအစိုးရမှ ပန်း‌ရောင်ကဒ် နှင့် CI ပတ်စ်ပို့များထုတ်‌ပေးမည်ဆို‌သော သတင်းဂယက်များ‌ကြောင့် တရားမဝင်နယ်စပ်လမ်း‌ကြောင်း များမှ တဆင့် ထိုင်းနိုင်ငံအတွင်း ‌နေ့စဉ်ဝင်‌ရောက်မှုရှိ‌နေပြီး ယခုတစ်လအတွင်း ဖမ်းဆီးခံရသူ (၁၀၀၀) ဝန်းကျင်ခန့်ရှိပြီးဟု ထိုင်း‌ရောက် မြန်မာလုပ်သားအ‌ရေး‌ဆောင်ရွက်‌နေသည့် မဲ‌ဆောက်မြို့ အ‌ခြေစိုက် မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်းလှုပ်ရှားမှု‌ကော်မတီ (JACBA) အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၅ ရက်‌နေ့ တစ်ရက်တည်းတွင် မွန်ပြည်နယ် ဘုရားသုံးဆူနယ်စပ် လမ်း‌ကြောင်းမှ တဆင့် တရားမဝင် နယ်စပ်ဖြတ်‌ကျော်ဝင်‌ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၂၁၂ ဦးအား ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်တွင် လည်း‌ကောင်း၊ ‌ကော့‌သောင်း-ရ‌နောင်းနယ်စပ်တွင် ၄၄ ဦးကို လည်း‌ကောင်း စံချိန်တင် ဖမ်းဆီးခံရပြီး ၎င်းဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားများသည် ဘန်‌ကောက်မြို့နှင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သွား‌ရောက်ရန် ပွဲစားအား တစ်ဦးလျှင် ဘတ်(၁၉၀၀၀) ‌ပေးပြီးလာကြသူများဖြစ်‌ကြောင်း ထိုင်းနိုင်ငံဘက်က သတင်း‌ဖော်ပြမှုအရ သိရသည်။

JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “ယခုလို ထိုင်းနိုင်ငံကိုလာတဲ့သူ‌တွေဟာ၊ တကယ်အလုပ်ရှိတဲ့‌နေရာကို လာတာဟုတ် ရဲ့လား၊ တကယ်အလုပ်ရှိ တယ်ဆိုတာမှန်ရဲ့လား၊ ပွဲစား‌တွေရဲ့စကား‌တွေကမှန်ရဲ့လား ဆိုတာကို ဆန်းစစ်ဖို့လို ပါတယ်။ ဘယ်ပွဲစား စကားကိုမှ ယုံကြည်လို့မရပါဘူး၊ နားမ‌ယောင်ကြပါနဲ့။ တရားဝင်‌အေဂျင်စီ‌တွေနဲ့ တရားဝင်သွားလာခွင့်ပြုတဲ့ အချိန်မှသာ သွားလာသင့်ပါတယ်။ မိမိတို့ဝမ်း‌ရေးအတွက် အတ္တ‌ဇော၊ ‌လောဘ‌ဇော ‌တွေနဲ့ ကြိုးတန်းလမ်း‌လျှောက်‌ခြေလှမ်း‌တွေ ရပ်တန့်ကြပါ‌တော့။ ထိုင်းဥပ‌ဒေရဲ့ ဆုံးမမှု‌အောက်မှာ သင်ခန်းစာရကြပါ‌စေ၊ ” ဟု ‌ပြောသည်။

Photo: CJ

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ကမ်း‌ခြေတ‌လျှောက်တွင် ‌စောင့်ကြပ်‌နေသည့် နယ်ခြားရဲ တပ်ဖွဲ့များအပြင် ‌ဝေဟင်တပ်၊ မြင်းတပ်တို့ဖြင့် အထူး‌စောင့်ကြပ်ဖမ်းဆီးအ‌ရေးယူလျက်ရှိပြီး အဖမ်းခံရမည်ဆိုပါက ကယ်ရီများကို‌ပေးရသည့် ‌ငွေ‌ကြေးလည်းဆုံးရှုံးမှာ ဖြစ်သလို ထိုင်းဥပ‌ဒေအရ ‌ထောင်လည်းကျခံရမှာဖြစ်သည်ဟုလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

နိုင်ငံ‌ရေးမငြိမ်သက်မှု နှင့် ကိုဗစ်‌ရောဂါ ဂယက်များ‌ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် စက်ရုံ၊ အလုပ်ရုံ (၂၀၀) နီးပါးပိတ်သိမ်းသွားခဲ့ပြီး အခြား‌သော အ‌ခြေခံလူတန်းစားများ၏ တစ်နိုင်တစ်ပိုင် လုပ်ငန်းများ မှာလည်း ပုံမှန် လည်ပတ်နိုင်ခြင်းမရှိ‌တော့သည့်အ‌ခြေအ‌နေတွင် ပြည်တွင်း၌ အလုပ်လက်မဲ့ လူဦး‌ရေ များပြားလာပြီး ထိုထဲမှ ‌နေရပ်စွန့်ခွာကာ ပြည်ပသို့ စွန့်စားသွားလိုသူများ မြှင့်တက်လျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ၂၀၂ဝ မတ်လမှ ယခု အချိန်ထိ ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံမှ ‌နေရပ်ပြန်လာသူ မြန်မာလုပ်သား များထဲမှ ယခုလို တရားမဝင်လမ်း‌ကြောင်းဖြင့် ထိုင်းနိုင်ငံအတွင်းသို့ပြန်လည် ဝင်‌ရောက်မှုများရှိပြီး ထိုသို့ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်‌ကျော်ဝင်‌ရောက်မှု‌ကြောင့် ယ‌နေ့ ‌အောက်တိုဘာ ၂၇ ရက်‌နေ့ထိ (၁၉) လကြာ ကာလအတွင်း ဖမ်းဆီးခံရသူ မြန်မာလုပ်သား (၄၁၀၀၀) ‌ကျော်ခန့်ရှိလာပြီးဟု ထိုင်း‌ရောက်မြန်မာ လုပ်သားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောဆိုကြသည်။