အမေးအဖြေကဏ္ဍ
“ခေါင်းဆောင်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့စားပွဲ ဝိုင်းပေါ် သွားချင်တာက ကောင်းပေမယ့် ရန်သူရဲ့ နည်းပရိယာယ်အရ နိုင်ငံရေးစကားကို မပြောဘဲ အချိန်ဆွဲလုပ်ဆောင်နေပြီး သူတို့ဘက်က စစ်ရေးနည်းအရ တိုက်ရင်တော့ တိုက်ပွဲက ဖြစ်လာမှာပဲ”
KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် နှင့် မေးမြန်းခြင်း
စက်တင်ဘာ ၆ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင် ၊ တပ်မဟာ (၆)နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ အခြေအနေများ၊ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ရပ်တည်ချက် စသည့် မေးခွန်းများကို ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်နှင့် မေးမြန်းထားပါသည်။
မေး- လတ်တလော တပ်မဟာ (၆)က စစ်ရေးပဋိပက္ခအခြေအနေနဲ့ ပဒိုတို့ ကိုင်တွယ်ဖြေရှင်း နေရတဲ့ အခြေအနေလေးကို ပြောပြပေးပါအုံး။
ဖြေ – ကျနော်တို့ လူတွေရဲ့ သဘောထားက ရန်သူတွေ အနေနဲ့ လှုပ်ရှားတာ ဝင်လာတာမျိုး မလုပ်နဲ့ပေါ့။ တကယ်လို့ ဝင်ထွက်သွားလာလှုပ်ရှားလို့ ကျနော်တို့လူတွေရှိတဲ့ နေရာမှာရောက်လာရင် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်နိုင် တယ်။ စက်တင်ဘာလ ၁ရက်က ကျနော်တို့လူတွေနဲ့ တိုက်ပွဲ တစ်ကြိမ်ဖြစ်တယ်။ သူတို့(စစ်ကောင်စီ)က သွားချင်ရင်သွား၊ လာချင်ရာလာနေကြတာ။ နောက်တစ်ခုက တပ်ရင်း ၁၇ နယ်မြေဘက် ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်ဒုံကြားမှာ စစ်ကောင်စီတပ် (ခလရ-၃၂)က တခူခီး လမ်းကြားမှာတပ်စွဲထားတဲ့ အတွက် ဒေသခံ ကျေးရွာသားတွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့တော့ တင်ပြမှုတွေရှိတယ်။ ဒေသခံတွေ ညတိုင်းလိုလို စိုးရိမ် ပူပန်နေရတယ်။ သူတို့ကို အဲ့မှာ မနေစေချင်ဘူး သက်ဆိုင်ရာ မြို့ပေါ်က တပ်ရင်းဌာနချုပ်တွေဆီ ပြန်ခိုင်းစေချင်ကြတယ်။
အဲ့မှာ သူတို့ စခန်းလာချတော့ ဒေသခံရွာသားတွေရဲ့ ကြက်တွေ အကောင် ၄ဝ ထက်မနည်း ပျောက်နေတဲ့အတွက် သူတို့ကို အဲ့မှာ စစ်ရေးလှုပ်ရှားမှု မလုပ်ဖို့ ဒေသခံတွေဘက်က တင်ပြလာတာတွေရှိတယ်။ ကျနော်တို့ ဘက်ကိုတော့ လာတင်ပြရဲပေမဲ့ တစ်ဖက်ကိုတော့ သွားမပြောရဲတဲ့ အခက်အခဲ တွေလည်းရှိ တယ်။ နောက်ပြီး ကျိတ်ရွာဘက်က သူတို့ တပ်ထိုင်ခဲ့တဲ့ စခန်းမြေက ဒေသခံတွေရဲ့ မြေပဲ။ သူတို့ထွက်သွားတော့ ကျနော်တို့ ရဲဘော်တွေက ဒေသခံတွေ ပြန်လည် ဝင်ရောက်နေထိုင် စားသောက်လုပ်ကိုင် နိုင်ဖို့ သွားရှင်းလိုက်တယ်။
အဲ့တော့ စစ်တပ်ဘက်က ဒီစခန်းကို ပိုက်ဆံနဲ့ ဝယ်ရမယ်ဆိုလည်း ဝယ်မယ်ဆိုပြီး ပြောလာတယ်။ အကြောင်းက ကေအဲန်ယူ သွားသိမ်းလိုက်တဲ့ ကိစ္စက အင်တာနက် သတင်းတွေပေါ်ရောက်လာတဲ့အတွက် အထက်က သူတို့ကို ဒါက စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး ပြောလာလို့ ပြန်လာဝင်ယူမယ်၊ ဒေသခံတွေဆီကနေ ဝယ်ရမယ်ဆိုလည်း ဝယ်မယ်ပေါ့။ ဒါပေမဲ့ ဒေသခံတွေဘက်ကတော့ သူတို့ ရှိနေရင် ပြဿနာက ရှိနေမှာဖြစ်တဲ့အတွက် မရောင်းလိုဘဲ သူတို့ပါ သူတို့ လုပ်ကိုင်စားသောက်ကြမယ်။ ဒါကိုတော့ အထက်ကို ကျနော့်အနေနဲ့ တင်ပြထားတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဘာညွှန်ကြားချက်မှ မရောက်လာသေးဘူး။
မေး- ပြီးခဲ့တဲ့ ရက်ပိုင်းက ဒူးပလာယာ ခရိုင် ဥက္ကဌက ညွှန်ကြားစာ ထွက်ပေါ်လာတဲ့အပေါ် သတင်းမီဒီယာပေါ်မှာ ပုံစံမျိုးစုံပြောဆိုနေကြတာရှိသလို ကရင်အသိုင်းအဝိုင်းကြားမှာလဲ ထောက်ပြပြောဆိုထုတ်ပြန်တာတွေ တွေ့ရတယ်။ ဒီအပေါ်မှာ ခရိုင်အတွင်းရေးမှူးတစ်ဦးအနေနဲ့ ဘယ်လို ရှင်းလင်းပြောဆိုသွားချင်လဲ။
ဖြေ – ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့က ကျနော့်အတွက် အခက်အခဲရှိပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက သတင်းဌာနတွေနဲ့ ကျနော် အင်တာဗျူးပြောဆိုထားတာတွေက ဒါက ကေအဲန်ယူရဲ့ သဘောထားရပ် တည်ချက် လမ်းစဉ်အတိုင်း ကျနော်ပြောဆိုခဲ့တာပဲ။ ဒါပေမဲ့ ခရိုင်ဥက္ကဌရဲ့ စာအပေါ်မှာတော့ လူတိုင်းအတွက်တော့ စဉ်းစားစရာဖြစ်စေတာပေါ့။ ဒါပေမဲ့ စဉ်းစားစရာ ဖြစ်စေလည်း ဖြစ်ပါစေ။ ဒါကို တိတိကျကျ ဖြေဖို့က မသင့်တော် ဘူးလေ။ ဒီကိစ္စကို သေသေချာချာ ပြန်စည်းဝေးပြီးမှ သေချာပြောပြလို့ရမှာ ပေါ့နော်။ ကေအဲန်ယူရဲ့ သဘောထားရပ်တည်ချက်မှာ ကိုယ့်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူဆိုတဲ့နေရာမှာ ကရင်အမျိုးသားတစ်ခုတည်းပဲ မဟုတ်ဘူး။ အုပ်ချုပ်သူ အစိုးရတွေရဲ့ ဖိနှိပ်ခံရပြီး ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဘယ်ပြည်သူတွေအပေါ်မှာ စာနာနားလည်သလို ခရိုင်ဥက္ကဌအနေနဲ့လည်း စာနာနား လည်မှုရှိမှာပဲ။ ဒါပေမဲ့ ကျနော့်အနေနဲ့ကတော့ ကေအဲန်ယူရဲ့မူဝါဒ ရပ်တည်ချက်အတိုင်းပဲ ပြည်သူကိုကာကွယ်ရမယ့် ရပ်တည်ချက်အတိုင်း ခိုင်မာစွာ ရပ်တည်နေတာပဲ။
မေး- အခု စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ ဝင်လာတာမျိုးလည်း ကြားသိရတဲ့အတွက် အင်အား ဘယ်လောက်နဲ့ ဝင်လာတာမျိုးသိရလဲ။
ဖြေ – ဒါကတော့ ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ခန့်မှန်းကြည့်သလောက်တော့ သူတို့မှာ အင်အား မလုံလောက်ပါဘူး။ မလုံလောက်လို့ပဲ ကရင်အချင်းချင်းဖြစ်တဲ့ သူတို့ကို ထောက်ခံတဲ့ BGF ကို အကူအညီရယူပြီး အင်အားကို ပြန်ဖြည့်လိုက် တာမျိုးပဲ ရှိတယ်။ အခြားတော့ မရှိပါဘူး။ ပြီးတော့ တခြားတိုင်း ခရိုင်က တပ်တွေကို လှမ်းပြီး ခေါ်ရတာမျိုး ဥပမာ ကမ်းရိုးတန်းတိုင်းလား၊ အရှေ့ တောင်တိုင်းဌာနချုပ်မှာရှိတဲ့ တပ်တောင်မှ အင်အား မရှိဘူး။ သူတို့ အင်အား မပြည့်လို့ တခြားနေရာကို အင်အား ဖြည့်ခေါ်နေရတာတွေ ရှိတယ်။ BGF ကိုလည် ခေါပြီး အင်အားဖြည့်တာမျိုးပဲရှိတယ်။ BGF ရဲ့ နိုင်ငံရေး ရပ်တည်ချက်က ဘယ်လိုလဲတော့ မသိဘူး။ စစ်ကောင်စီ ခိုင်းတာတော့ လုပ်နေတာပဲ။ အဲ့လိုမျိုး အင်အား ဖြည့်တင်းတာမျိုးတော့ ရှိပေမယ့် အင်အား အတိအကျတော့ ကျနော်တို့ မသိနိုင်ဘူး။
မေး- လက်ရှိ တပ်ရင်း ၁၆ (KNLA) ဘက်မှာကော အခြေအနေက ဘယ်လိုတွေ ရှိနေသေးလဲ။
ဖြေ- တပ်ရင်း ၁၆ နယ်ဘက်မှာတော့ လက်ရှိမှာ ငြိမ်နေသေးတယ်။ ဒါပေမယ့် အရင်တုန်းကတော့ ခလယ်-တံခွန်တိုင် ဘက်ခြမ်းမှာ တိုက်ပွဲတစ်ခါ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ လက်ရှိအဲ့ဘက်မှာ သူတို့ အင်အား ဘယ်လောက်ရှိနေသလဲဆို တာတော့ အတိအကျ ပြောဖို့ ခက်တယ်။ လက်ရှိမှာတော့ လှုပ်ရှားမှုကြီးကြီး မားမားတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ သူတို့ အင်အား ကောင်းလာရင်တော့ လှုပ်ရှားမှုက အမြဲရှိနေမှာပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း ကျနော်တို့ကို ဖျက်ဆီးပစ်ဖို့ပဲလေ။ အောက်ခြေက ကျနော်တို့ တာဝန်ရှိသူတွေ တင်ပြလာတာကတော့ လှုပ်ရှားမှုကြီးကြီးမားမားတော့ မရှိသေးဘူး။ ငြိမ်နေတဲ့ အနေအထားပဲ ရှိသေးတယ်ပေါ့။
မေး- လက်ရှိ ကေအဲန်ယူ နယ်မြေတော်တော်များများမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု စစ်ရေးလှုပ်ရှားမှုက တော်တော်လေးများလာတာကို တွေ့ရတယ်။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်လဲ။
ဖြေ – လက်ရှိကာလမှာ စစ်မျက်နှာကို အများကြီးဖွင့်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေ မယ့် လက်ရှိ လုပ်နေတာတွေက ဟန်ရေးပြလောက်ပဲ ဖြစ်မယ်။ တကယ်လို့ လုပ်မယ်ဆိုရင်လည်း မြောက်ပိုင်း ကချင်ဘက်ကို ငြိမ်းချမ်းရေး အရင်လုပ်မလား မသေချာဘူး။ ရခိုင်ဘက်ခြမ်းမှာကလည်း တိုက်ဖို့ စဉ်းစားချက် မရှိဘူး။ ကျနော်တို့ ကေအဲန်ယူဘက်ခြမ်းမှာ လာလုပ်တာကလည်း တကယ့်အကြီးကြီး တွေလည်း မဟုတ်သေးဘူး။ တကယ်လုပ်ရင်တော့ တကယ်အကြီးကြီးဖြစ်လာ မှာပဲ။ အခုဟာက သူတို့က ဘယ်လို လုပ်လဲဆိုတော့ ဟိုမှာလည်း တိုက်လို့ရတယ်။ ဒီမှာလည်း တိုက်လို့ရတယ်ဆိုတဲ့ ပုံစံနဲ့ ပရိယာယ်သုံးတာပေါ့။
တပ်မဟာ ၁ တပ်ဟာ ၂ တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ ဘက်မှာ ကြီးကြီးမားမား ထိုးစစ်ဆင်ပေမယ့် ကျန်တဲ့ တပ်မဟာ ၆ တပ်မဟာ ၇ နဲ့ တပ်မဟာ ၄ ဘက်မှာလည်း လုပ်လို့ ရတယ်ဆိုတဲ့ ပုံစံ ပြချင်တာပဲ။ သူတို့မှာ အင်အား အများကြီးရှိနေတယ်ဆိုတဲ့ အကြောင်းပြချင်တာဖြစ်တဲ့အတွက် တကယ်က အင်အားမရှိသော်လည်းပဲ ဟိုမှာနည်းနည်း လုပ်ပြလိုက် ဒီမှာနည်းနည်းလုပ်ပြ လိုက် လုပ်နေတာပေါ့။ ဟို အရင်ကတည်းက ကျနော်တို့က တိုက်ပွဲ အကြီးကြီး တွေကို ကြုံခဲ့ဖူးပြီးပြီ။ အခုက အဲ့လိုပုံစံမျိုး မတွေ့ရသေးဘူး။ အခုကြီးကြီးမားမားဖြစ်တဲ့ တပ်မဟာတွေမှာက သူတို့နဲ့က အရင်ကတည်းက အဆင်မပြေထားတော့ အဲ့မှာက တကယ်ဖြစ်တာပေါ့။ ဒီမှာက စီးပွားရေးလား ၊ ဖွံ့ဖြိုးရေးလား၊ ငြိမ်းချမ်းရေးလား တောက်လျှောက်လုပ်လာတော့ မတိုက်ဘူးဆိုပေမယ့်လည်း ရန်သူကို အထင်မသေးဖို့ လိုတာပေါ့။
မေး- နောက်ဆုံး ဘာဖြည့်စွက်ပြောချင်တာမျိုး ရှိသေးလဲ။
ဖြေ – အထွေအထူးတော့ မပြောတတ်သေးဘူး။ အခုက ဗဟိုရဲ့ ညွှန်ကြားချက်ကိုပဲ စောင့်ကြည့်နေရတာပေါ့။ နိုင်ငံရေးအရတော့ ကျနော်တို့ ခေါင်းဆောင်တွေ စီစဉ်လုပ်ဆောင်နေမှာပဲ။ ဒါပေမယ့် ကျနော်တို့ ဖြစ်စေချင်တာ က ခေါင်းဆောင် တွေအနေနဲ့က နိုင်ငံရေးက အဓိကဖြစ်တဲ့အတွက် နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းရမယ်။ တွေ့ဆိုညှိနှိုင်းပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေး မှုတွေ တကယ်လုပ်ခဲ့ကြပြီးပြီ ဖြစ်တယ်။ ဒါပေမယ့် ရန်သူရဲ့ လှုပ်ရှားမှုက ရှိလာတဲ့အပေါ်မှာတော့ ပြန်လည် ခုခံကာကွယ်ဖို့က လုပ်ရမှာပဲ။
အဲဒါကြောင့် တိုက်ပွဲဖြစ်တာ မဖြစ်တာက ရန်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှု အပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့ကြောင့် ဖြစ်လာမှာ မဟုတ်ဘူး။ ကျနော်တို့ ခေါင်းဆောင်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့စားပွဲ ဝိုင်းပေါ် သွားချင်တာက ကောင်းပေမယ့် ရန်သူရဲ့ နည်းပရိယာယ်အရ နိုင်ငံရေးစကားကို မပြောဘဲ အချိန်ဆွဲ လုပ်ဆောင်နေပြီး သူတို့ဘက်က စစ်ရေးနည်းအရ တိုက်ရင်တော့ တိုက်ပွဲက ဖြစ်လာမှာပဲဖြစ်တဲ့အတွက် ဒါက သူတို့သဘောထားကို ပြနေတာဖြစ်ပြီး ဒါကို ကျနော်တို့က လိုလားလို့ တိုက်ချင်လို့ ဆိုတဲ့ ပုံစံမျိုးနဲ့ မမြင်စေ ချင်ဘူး။ သူတို့ဘက်က စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင်တော့ တိုက်ပွဲကတော့ ရှိမှာပဲ။ ဖြစ်နိုင်ရင်တော့ ငြိမ်းချမ်း တဲ့ နည်းလမ်းနဲ့ သွားလို့ရရင်တော့ ကျနော်တို့လည်း ငြိမ်းချမ်းတဲ့နည်းလမ်းအတိုင်းပဲ သွားချင်ပါတယ်လို့ ပြောချင်ပါတယ်။



















