Home သတင်း နယ်‌မြေ‌ကျော်လာသည့် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ(၁)ကြား တိုက်ပွဲဖြစ်ပွား၍ စစ်‌ကောင်စီတပ်ဘက် ၃ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရ

နယ်‌မြေ‌ကျော်လာသည့် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ(၁)ကြား တိုက်ပွဲဖြစ်ပွား၍ စစ်‌ကောင်စီတပ်ဘက် ၃ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရ

1438
Photo: KNU

စက်တင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ (၁) ဖားအံမြို့နယ် တ‌ကောင်ဘိုး‌ကျေးရွာအုပ်စု လယ်‌တောကြီး(ငှက်‌ပျော‌တော) ‌ကျေးရွာအနီးတွင် ယ‌နေ့ (စက်တင်ဘာ ၃ ရက်) နံနက်တွင် စစ်‌ကောင်စီတပ်မှ နယ်‌မြေ‌ကျော်လာသည့်အတွက် KNLA တပ်မဟာ (၁) ကြားတိုက်ပွဲဖြစ်၍ စစ်‌ကောင်စီတပ်ဘက်တွင် (၃) ဦးကျဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

ယ‌နေ့နံနက် (၆)နာရီခွဲဝန်းကျင်တွင် စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း (ခမရ-၂၀၁)တပ်ဖွဲ့မှ လယ်‌တောကြီး (ငှက်‌ပျော‌တော) ‌ကျေးရွာအနီးတွင် အသိ‌ပေးအ‌ကြောင်းကြားခြင်းမရှိဘဲ တက်လာသည့်အတွက် KNLA တပ်ရင်း ၁ တပ်ခွဲ-၂ နှင့် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU ဖားအံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ထိပ်တိုက်‌တွေ့‌တော့ ပစ်ခတ်ကြတာဘဲ။ စစ်‌ကောင်စီတပ်ဘက်က အင်အား ဘယ်‌လောက်အထိပါလဲ‌တော့ မသိလိုက်ဘူး။ ပြီး‌တော့ သူတို့ဘက် အ‌လောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့လူ‌တွေကို လာသယ်ပြီး ကမ‌မောင်း‌ဆေးရုံကို ပို့လိုက်တယ်။ သူတို့တပ်ဖွဲ့‌တွေက အဲဒီ‌နေရာမှာပဲရှိ‌သေးတယ်။ ‌ကော်သူး ‌လေနယ်‌မြေမှာ ဝင်ထွက်သွားလာတဲ့အခါ အသိ‌ပေးရင်‌တော့ ‌ကော်သူး‌လေဘက်က တစ်မျိုး‌တော့ လုပ်‌ပေးမှာ‌ပေါ့။ အခုက ဘာမှမ‌ပြောဘဲလာ‌တော့ ဒီလိုပစ်ခတ်မှုဖြစ်တာ‌ပေါ့” ဟု ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် KNLA တပ်မဟာ ၁ ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိ‌ကြောင်း ထိုဖားအံခရိုင်တာဝန်ရှိသူက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်‌နေ့တွင်လည်း တ‌ကောင်ဘိုး‌ကျေးရွာအုပ်စု မီးပုံးရွာအနီးတွင် တပ်အင်အား ၂ဝ ခန့်ဖြင့် တက်လာသည့် စစ်‌ကောင်စီတပ်ဖွဲ့ကို KNLA တပ်မဟာ(၁)တပ်ဖွဲ့က ‌စောင့်ကြိုပစ်ခတ်သည့်အတွက် စစ်‌ကောင်စီတပ်ဘက်မှ (၃)ဦးကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌သေးသည်။