စက်တင်ဘာ ၆ ရက်နေ့၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ (တပ်မဟာ ၆) နယ်မြေအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် ယမန်နေ့ စက်တင်ဘာလ (၅) ရက်နေ့က ပိန္နဲကုန်းရွာတွင်ရောက်ရှိတပ်စွဲထား သည့်အတွက် စိုးရိမ်ကြောက်လန့်ကြသည့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံသတင်းအရင်း အမြစ်များထံမှ သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၂) ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ပိုင်ကလန်ဒုံကျေးရွာအုပ်စု မိကသို့တွင် ၄ ရက်ကြာ ဝင်ရောက်တပ်စွဲပြီးနောက် ယမန်နေ့စက်တင်ဘာလ (၅) ရက်နေ့တွင် ပိန္နဲကုန်းရွာသို့ ရောက်ရှိ တပ်စွဲလာသည့်အတွက် ပိန္နဲကုန်းရွာအပါအဝင် အနီးအနားရှိ စိုးရိမ်ကြောက်လန့်ကြသည့် ဒေသခံအချို့မှာ နေအိမ်စွန့်ခွာတိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက ” ပိန္နဲကုန်းမှာပဲ ရှိသေးတယ်။ သူတို့က တချက်နဲနဲ၊ တချက်နဲနဲနဲ့ တိုးလာတယ်ပေါ့နော်။ တချို့ ကြောက်တဲ့သူတွေဆိုရင် ရှောင်ပြေးကြတယ်။ ကျန်တဲ့ရွာတွေကလည်း ပြေးကြတယ်။ လန်းဖားတို့၊ ကော့ဆိုင်တို့ ပြေးတာပေါ့နော်။ ပေါ်တာဖမ်းမှာလည်း ကြောက်ရတယ်။ တပ်အင်အား ၅ဝ ကျော်လောက်တော့ ရှိမယ်။ တပ်ရင်းဘယ်လောက်လဲတော့ မသိဘူး။ ” ဟု ကေအိုင်စီ သို့ ပြောသည်။
၎င်းစစ်ကောင်စီတပ် စစ်ကြောင်းသည် လက်ရှိ တပ်စွဲထားသည့် ပိန္နဲကုန်းကျေးရွာမှ အစွန်းကျေးရွာနှင့် ခုဒုံကျေးရွာအထိ ဝင်ရောက်တပ်စွဲရန်အစီအစဉ်ရှိသည်ဟု သိရှိရကြောင်းလည်း ထိုဒေသခံက ဆက်ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၆ ထိန်းချုပ် နယ်မြေအတွင်း ဝင်ရောက် လှုပ်ရှားသည့် အဆိုပါ စစ်ကောင်စီတပ်များသည် ၎င်းတို့ ဝင်ရောက်ခဲ့သည့် လမ်းတစ်လျှောက် ကော်သနောင့်၊ ကွင်းကလေး၊ ကျိတ်၊ ပိုင်ကလန်ဒုံ နှင့် ပိန္နဲကုန်း စသည့်ကျေးရွာများတွင် တပ်အင်အားအချို့ ချန်ခဲ့မှုများရှိသည်ဟုလည်း သိရှိရသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့သည် ကော်သနောင့်နှင့် ကွင်းကလေး ကျေးရွာကို ဆက်သွယ်မည့် တံတားနှစ်စင်းကို ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတံတားပြီးစီးလျှင် စစ်ထရပ်ကားဖြင့် ဝင်ရောက်ကာ (KNLA) တပ်မဟာ ၆ ၊ တပ်ရင်း(၁၈) နယ်မြေကို ထိန်းချုပ်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ဒေသသတင်းအရင်းအမြစ်များထံမှ သိရသည်။
လတ်တလောတွင် KNLA တပ်ရင်း ၁၈ နယ်မြေအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ရေးအရ နယ်မြေကျူး ကျော်ဝင်ရောက် တပ်စွဲလာသည့်အတွက် ဒေသခံပြည်သူလူထုများမှာ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ကြောက် လန့်ပြီး ထွက်ပြေးတိမ်းရှောင်သူများရှိသလို အချို့မှာလည်း စားဝတ်နေရေးအတွက် ဆိုင်များကို အကန့် အသတ်ဖြင့်သာ ဖွင့်လှစ်နေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။



















