Home သတင်း KNU တပ်မဟာ ၁ ၊ တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောပ‌လေ့ ကွယ်လွန်

KNU တပ်မဟာ ၁ ၊ တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောပ‌လေ့ ကွယ်လွန်

3275

ဩဂုတ် ၁ဝရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောပ‌လေ့ (၅၆)နှစ်သည် ယ‌နေ့(ဩဂုတ် ၁ဝရက်) နံနက် ၄နာရီ‌ကျော်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။

သထုံခရိုင်၊ သထုံမြို့နယ် မရမ်းကုန်း‌ကျေးရွာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သူ၏ ရုပ်အ‌လောင်းကို သူ‌နေထိုင်ရာ သာ‌ဟောထီး‌နေရာသို့ သယ်‌ဆောင်လာသည်ဟု သထုံခရိုင်၊ ဖားအံမြို့နယ် ဥက္ကဌ ‌စောစန္ဒာသိန်းက ‌ကေအိုင်စီသို့ အတည်ပြု‌ပြောသည်။

၎င်းက “ကျ‌နော်တို့ သိရသ‌လောက်‌တော့ ‌သွေးတိုး‌ရောဂါနဲ့ ဆုံးတာ‌ပေါ့‌နော်။ မ‌နေ့က တစ်‌နေကုန် ‌သွေးတိုးတက်တယ်။ ‌သွေးတိုးက မကျ‌တော့ဘဲ အသက်‌သေဆုံးတဲ့အထိဖြစ်သွားတယ်‌ပေါ့‌နော်။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူးချုပ် ‌စောပ‌လေ့သည် လက်ရှိ ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲနှင့် ကွန်မန်ဒိုတပ်ဖွဲ့သင်တန်း အပတ်စဉ်တူ တက်‌ရောက်ခဲ့သူဖြစ်ပြီး သူသည် တပ်မဟာ ၁ တွင် တပ်ရင်း ၂၏ တပ်ရင်းမှူး၊ ဗျူဟာမှူး တာဝန်များကို တာဝန်ယူပြီး‌နောက် တပ်မဟာမှူး တာဝန်ကို ထမ်း‌ဆောင်‌နေရင်း ယခုလို ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သူ၏ ဈာပနအခမ်းအနားကို နံနက်ဖြန် ဩဂုတ်လ ၁၁ရက်‌နေ့တွင် ပြုလုပ်သွားရန် လျာထားသည်ဟု တပ်မဟာ (၁) တာဝန်ရှိသူများက ‌ပြောသည်။