Home သတင်း ကရင်ပြည်နယ်တွင် ကိုဗစ်လူနာများအတွက် ‌အောက်ဆီဂျင် လိုအပ်မှုရှိဆဲဟု ပရဟိတအဖွဲ့များ ‌ပြော

ကရင်ပြည်နယ်တွင် ကိုဗစ်လူနာများအတွက် ‌အောက်ဆီဂျင် လိုအပ်မှုရှိဆဲဟု ပရဟိတအဖွဲ့များ ‌ပြော

2230

ဩဂုတ် ၉ရက်။ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရပြီး ‌အောက်ဆီဂျင်ကျသည့် လူနာများအသုံးပြုရန်အတွက် ‌အောက်ဆီဂျင် လိုအပ်မှုရှိ‌နေဆဲဖြစ်သည်ဟု ကိုဗစ်လူနာများအား အကူအညီ‌ပေး‌နေသည့် ပရဟိတအဖွဲ့ထံမှ သိရသည်။

လက်ရှိ ကိုဗစ်ကူးစက်ခံရသည့် လူနာအချို့သည် ‌ဆေးရုံသို့ သွား‌ရောက်ကုသခြင်းမရှိဘဲ ‌နေအိမ်တွင်သာ ကုသ ‌နေကြရသည့်အတွက် ‌အောက်ဆီဂျင်အရည်များ ရှာ‌ပေးရသည့်အခါတွင် ကြန့်ကြာမှုများရှိသလို မရသည့်အခါ လည်းရှိ‌ကြောင်း အနန္တ‌မေတ္တာ(အခမဲ့) ကုသိုလ်‌ဆေးခန်းမှ ပရဟိတလုပ်ငန်း ကူညီ‌ပေး‌နေသည့် ကျန်းမာ‌ရေးဝန် ထမ်းတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “ အခု‌တော့ အခက်အခဲနည်းနည်းကြုံရတာ‌ပေါ့‌နော်။ ‌အောက်ဆီဂျင်အတွက်‌ပေါ့။ ဘုန်းဘုန်းက‌တော့ ဒီ‌ဆေးရုံက လူနာ‌တွေအတွက်သာမက အပြင်ကလူနာ‌တွေအတွက်ပါ ဘုန်းဘုန်းက ကူညီ‌ပေးတယ်ဆို‌တော့ အခက်အခဲ‌တော့ရှိတာ‌ပေါ့။ ရတဲ့အခါလည်းရ၊ မရတဲ့အခါလည်းမရဘူး။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ‌အောက်ဆီဂျင် အရည်ရရှိရန် အခက်အခဲရှိ‌သော‌ကြောင့် ‌အောက်ဆီဂျင်‌ရောင်းသည့် အပြင်ဆိုင် အချို့တွင် ‌အောက်ဆီဂျင်မ‌ရောင်းရ‌တော့သလို ရရှိသည့် အချို့ဆိုင်တွင်လည်း ‌ဈေးကြီးသည့်အတွက် အများစုမှာ ပရဟိတအဖွဲ့က ထည့်‌ပေးသည့် ‌အောက်ဆီဂျင်အရည်ကိုသာ မှီခို‌နေရသည်ဟု ‌ဒေသခံထံမှ သိရသည်။

‌ကော့ကရိတ်မြို့ရှိ လူနာရှင်နန်း‌သော်တာက “အပြင် ဆိုင်မှာလည်း ‌အောက်ဆီဂျင်ထည့်တာ မ‌တွေ့ရဘူး ။ အ‌ရေး ‌ပေါ်ထည့်တဲ့ ဆိုင်ရှိရင်လည်းရှိမယ်။ ‌ဈေးက သိန်းဂဏန်း‌လောက်‌ပေးရတယ်ကြား‌တော့ ပရဟိတ ရုံးမှာပဲ သွား ထည့်တယ်။ ပိုက်ဆံမ‌ပေးရ‌ပေမယ့်လည်း ကိုယ့်မှာ တတ်နိုင်သ‌လောက် အလှူ‌ငွေပြန်ထည့်တယ်’’ ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယခုကာလတွင် ‌အောက်ဆီဂျင်အိုးများရှိ‌သော်လည်း ‌အောက်ဆီဂျင်အရည်ရရှိရန် အခက်အခဲရှိသည့်အတွက် ‌ငွေ‌ကြေးတတ်နိုင်သူအချို့မှာ ‌အောက်ဆီဂျင်အိုးများအစား ‌အောက်ဆီဂျင်စက်များကို အစားထိုး ပြန်ဝယ်သုံး ကြ‌သော်လည်း ‌အောက်ဆီဂျင်စက်များသည် အနိမ့်ဆုံး‌ဈေးနှုန်း ၁၅သိန်း‌ကျော်မှ သိန်း၂ဝ နီးပါးရှိပြီး မီးအားနှင့် အသုံးပြုရသည့်အတွက် မီးမရရှိသည့်အချိန်တွင် အခက်အခဲရှိ‌ကြောင်းလည်း ‌ဒေသခံထံမှသိရသည်။

‌ဆေးရုံနှင့် ကိုဗစ်ကုသ‌ရေးစင်တာတွင် မဟုတ်ဘဲ ‌နေအိမ်အတွင်းကုသပြီး ‌အောက်ဆီဂျင်‌ပေး‌နေရသည့် ကိုဗစ်လူ နာအချို့သည် ‌အောက်ဆီဂျင်ရ‌သော်လည်း အသုံးပြုရသည့် နည်းလမ်းများ ‌အောက်ဆီဂျင်‌ပေး ‌နေရသည့် ပမာဏ များကို ဆရာဝန်လမ်းညွှန်မှုများမရှိဘဲ လုပ်‌ဆောင်‌နေရသည့်အတွက် အခက်အခဲလည်း ‌တွေ့‌နေရ‌ကြောင်း ပရဟိတ ကယ်ဆယ်‌ရေးအဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

“ဆရာဝန်လမ်းညွှန်မှုမရှိဘဲ ကိုယ့်ဟာကိုယ် ‌အောက်ဆီဂျင်‌ပေး‌နေတာမျိုး‌တွေရှိတာ‌ပေါ့။ ဒီလူနာ‌တွေ အတွက်‌တော့ တစ်ခါတစ်‌လေ အကျဉ်းအကြပ်ထဲ ‌ရောက်တဲ့အခါမျိုး‌ပေါ့။ ဥပမာ ကျ‌နော်တို့က ‌အောက်ဆီဂျင် ယူ‌ပေး‌နေတာ တစ်ခါတစ်‌လေကျရင် Jam(ပိတ်ဆို့မှု) ဖြစ်တဲ့အခါကျရင် သူတို့အတွက်က လုံးဝအခက်အခဲပဲ။ သူတို့မှာ အ‌ရေး‌ပေါ်ထိုးစရာ‌ဆေးလည်းမရှိဘူး”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်ပြည်နယ်တွင် ရရှိသည့် ‌အောက်ဆီဂျင်များသည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တစ်ဖက်ကမ်း မဲ‌ဆောက်မြို့တွင် သွား‌ရောက်ဝယ်ယူ‌နေရပြီး ပြန်လည်သယ်‌ဆောင်လာသည့်အချိန် လမ်းအ‌ခြေအ‌နေ‌ကြောင့် ‌အောက်ဆီဂျင်ရရှိရန် ကြန့်ကြာ‌နေသည့် အ‌ခြေအ‌နေများလည်း ရှိ‌နေ‌ကြောင်း သိရသည်။

ထို့အပြင် ပြည်သူလူထုများ ‌အောက်ဆီဂျင်အပြည့်ဝရရှိရန် ပြည်နယ်အတွင်းရှိ ဖားအံ၊ မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့များတွင် ‌အောက်ဆီဂျင် ထုတ်လုပ်နိုင်သည့် စက်ရုံများတည်‌ဆောက်နိုင်ရန် ပြည်သူလူထုများမှ အလှူ‌ငွေများထည့်၍ စတင်‌ဆောက်လုပ်‌နေကြပြီးဖြစ်သလို ဖာအံမြို့ရှိမြို့သူမြို့သား အလှူ‌ငွေဖြင့် တည်‌ဆောက်သည့် ‌အောက်ဆီဂျင်စက်ရုံတစ်ခုကိုလည်း ယခုလကုန်တွင် ပြီးစီးပါက ဖားမြို့နယ်ရှိ ပြည်သူများအတွက် အဆင်‌ပြေမည်ဖြစ်‌ကြောင်း ပရဟိတ လူမှုကယ်ဆယ်‌ရေးအဖွဲ့ထံမှ သိရသည်။