Home သတင်း KNLA တပ်မဟာ ၆ နှင့် စစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ

KNLA တပ်မဟာ ၆ နှင့် စစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ

1914
Photo: Htoo Htoo

ဩဂုတ် ၂၄ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့‌တောင်ဘက်တွင် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ ၆ နှင့် စစ်‌ကောင်စီတပ်တို့အကြား ယ‌နေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိ‌နေ သည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ယ‌နေ့နံနက်နှင့် ည‌နေပိုင်းတွင် ‌ကော့ကရိတ်မြို့‌တောင်ဘက် ကမိုင်ကုန်းနှင့် အံဖ‌လေး‌ကျေးရွာဘက်တွင် စစ်‌ကောင်စီ ၏ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ(၅၃၁)နှင့် KNLA တပ်မဟာ(၆) လက်‌အောက်ခံ တပ်ရင်း(၁၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်‌ကောင်စီတပ်ဘက်မှ ၂ဦးကျဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်မှ ၂ဦးကျဆုံးခဲ့သည်ဟု KNU နယ်‌မြေခံ တာဝန်ရှိသူများက ‌ပြောသည်။

အမည်‌ဖော်လိုသူ ‌ဒေသတာဝန်ရှိသူတစ်ဦးက “ကျ‌နော်တို့ သတင်းတိတိကျကျရတာက စစ်‌ကောင်စီဖက်က ၆ဦး ထိမှန် တယ်။ အဲဒီအထဲမှာ ၂ ‌ယောက် ကျတယ်။ အခုထိ စစ်‌ကောင်စီတပ်‌တွေက အခု အံဖ‌လေးနဲ့ ကမိုင်ကုန်းကြားမှ ‌ခြေရှုပ် ‌နေတုန်းပါပဲ။”ဟု ယ‌နေ့ည‌နေ ၆နာရီခွဲအချိန်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များ၏ ပူး‌ပေါင်းတပ်ဖွဲ့ကို တိုက်ခိုက်သည့် KNLA တပ် ရင်း(၁၈)တပ်ဖွဲ့ဝင်များအား ဗိုလ်ချုပ်‌ကျော်သက် ဦး‌ဆောင် သည့် ခွဲထွက် DKBA တပ်ဖွဲ့ဝင် အချို့လည်း ပါဝင်ကူညီ တိုက်ခိုက်‌ပေးခဲ့‌ကြောင်းလည်း သိရှိရသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့အနီးတွင်လည်း ယ‌နေ့ဩဂုတ် ၂၄ရက်၊ ည‌နေ ၄နာရီ‌ကျော်က စစ်‌ကောင်စီတပ် ခမရ(၄၀၉)တပ်ရင်းနှင့် KNLA တပ်ရင်း(၁၈)တို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီဘက် မှ ၁ဦးကျဆုံးပြီး ၂ဦးဒဏ်ရာရရှိသည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များက ‌ပြောသည်။

ယ‌နေ့(ဩဂုတ် ၂၄) နံနက်ပိုင်းတွင် ကွင်းက‌လေး‌ကျေးရွာမှ ကျိုက်ဒုံမြို့သို့ ပြန်ဆုတ်ခွာသွားသည့် စစ်‌ကောင် စီတပ်ဖွဲ့ကို ‌ကော်သ‌နော့‌ကျေးရွာအလွန်တွင် KNLA ဘက်မှ ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသည့် ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“ယွာဖိုး(ကွင်းက‌လေး)ရွာက‌နေ အဖွဲ့ကိုသွားကြိုတဲ့ ကျိုက်ဒုံက အဖွဲ့နဲ့အတူ ပြန်လာ‌တော့ ‌ကော်သ‌နော့အ‌ကျော် သူတို့ တပ်ကုန်းကို ‌ရောက်ခါနီးပြီး အဲဒီမှာ မိုင်းနဲ့ အဆွဲခံထိတာ ဖြစ်ပါတယ်။ ပစ်ခတ်မှု‌တွေလည်းရှိတယ်။ ကားအ‌နောက်မှာ ထိုင်တဲ့လူ‌တွေကို ထိမှန်တာဖြစ်ပါတယ်။”ဟု ကရင်စကားဖြင့် ‌ပြောဆိုသည်။

ယမန်‌နေ့(ဩဂုတ် ၂၃)တွင်လည်း အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့တို့အကြား ကွင်းက‌လေး‌ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွင် စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထိုစစ်‌ကောင်စီ တပ်ဖွဲ့သည် ‌ဒေသခံရွာသား ၃ဦးကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ရှိ‌သော်လည်း ‌ကော်သ‌နော့‌ကျေးရွာအ‌ရောက်တွင် ပြန် လွှတ်‌ပေးခဲ့သည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် ကျိုက်ဒုံမှ ကွင်းက‌လေး‌ကျေးရွာအထိ ဆင်းလာသည့် စစ်‌ကောင်စီတပ်ဖွဲ့သည် ပြန်လည်ဆုတ်ခွာ သွားပြီဖြစ်‌သော်လည်း ‌ကော့ကရိတ်မြို့နယ်၊ အံဖ‌လေးနှင့် ကမိုင်ကုန်း‌ကျေးရွာအကြားရှိ စစ်‌ကောင်စီတပ်နှင့် နယ်ခြား ‌စောင့်တပ် (BGF)ပူး‌ပေါင်းတပ်တို့မှာ တပ်အင်အားဖြည့်တင်း ကာ ဆက်လက် တပ်စွဲထားဆဲဖြစ်သည်ဟု ‌ဒေသတွင်း သတင်းအရင်းမြစ်များက ‌ပြောဆို‌နေကြသည်။