ဩဂုတ် ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် Testkit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ယခုရက်ပိုင်း အတွင်း အခမဲ့ စစ်ဆေးပေးလျက်ရှိရာ လူဦးရေ ၁၃၀ဝ နီးပါးစစ်ဆေးခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး ၁ ဦးသာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရောဂါပိုးရှိမရှိ စစ်ဆေးမှုကို မြဝတီခရိုင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယမန်နေ့က ဩဂုတ် ၂၉ ရက်နေ့အထိ စစ်ဆေးပြီးသူ ၁၀၀ဝ ခန့်ရှိခဲ့ပြီး ယနေ့ ဩဂုတ် ၃ဝ ရက် ညနေပိုင်း အထိ စစ်ဆေးပြီးသူ ၂၉၆ ဦးရှိကြောင်း ခရိုင်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူက ပြောသည်။
ယခင်နေ့များက ရပ်ကွက်တွင်းရှိ ပြည်သူများနှင့် စိမ်းလဲ့မြိုင်အဝေးပြေးယာဉ်ရပ် နားစခန်းရှိ ယာဉ်လိုင်းလုပ်သားများအား စစ်ဆေးပေးခဲ့ပြီး ယနေ့တွင် မြဝတီမြို့ ဘုရင့်နောင်ဈေးဝင်းအတွင်း Testkit ဖြင့် ကိုဗစ်ရှိမရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။

မြဝတီမြို့သည် Stay at Home နေထိုင်ရန် အကျုံးဝင်နေဆဲဖြစ်သလို မွန်းတည့် ၁၂ နောက်ပိုင်း အပြင်မထွက်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထား၍ ယခင်ရက်များက အချိန်လွန်အပြင်ထွက်သူများအား စောင့်ကြည့်ဖမ်းဆီးပြီး ဒဏ်ငွေရိုက်မှုများရှိခဲ့သည်။
ယနေ့တွင်မူ ထိုသို့ ဒဏ်ရိုက်ခြင်းများ မပြုလုပ်တော့ဘဲ ကိုဗစ်ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးစေခဲ့သည်ဟု သိရသည်။ ၎င်းအပြင် မိမိဆန္ဒအလျေက်လာရောက်စစ်ဆေး လိုသူများကိုလည်း အကန့်အသတ်မရှိ အခမဲ့ စစ်ဆေးပေးသွားမည်ဟု သိရသည်။
ထိုသို့ Testkit ဖြင့် ကိုဗစ်-၁၉ ရှိမရှိ စစ်ဆေးပြီးနောက် ရောဂါပိုးတွေ့ရှိသူ နှင့် contact persons များကို ရွှေမြဝတီ ကိုဗစ်စင်တာတွင်ထားရှိ၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးမည်ဟု တာဝန်ရှိသူများက ပြောသည်။



















