ဩဂုတ် ၁၈ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ထိုင်းပြန်မြန်မာ လုပ်သားများအားပြန်လည်လက်ခံခြင်းကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ တစ်ရက်ခြား ၂၀ဝ ဦးနှုန်းဖြင့် လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ထိ စုစုပေါင်း ၁,၈၀ဝ ကျော် ဝင်ရောက်ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးဆောင်ရွက်ခြင်း နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို မြဝတီနယ်စပ်ရှိ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက် ရှိသည်။

“ပြန်လာသူများထဲက မြဝတီခရိုင်နဲ့ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များကိုတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို နယ်စပ်မှာပဲ ချက်ချင်း စစ်ဆေးပေးပါတယ်။ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ်ကိုဗစ်စင်တာမှာ ကုသမှု ခံယူစေပြီး ရောဂါပိုးမရှိသူများကို အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီး Quarantine စခန်းမှာ (၁၀)ရက် စောင့်ကြည့်ထားတယ်” ဟု မြဝတီနယ်စပ်မှ နေရပ်ပြန်ကြိုဆိုလက်ခံရေးဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် အခြားတိုင်းနှင့်ပြည်နယ်များသို့ သွားမည့် နေရပ်ပြန်များအား မော်တော်ယာဉ်များဖြင့်ပို့ဆောင်ပေးကာ ကိုဗစ်ပိုးရှိ မရှိ စစ်ဆေးခြင်းနှင့် ကန့်သတ်စောင့်ကြည့်ခြင်းတို့အား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်တို့မှ စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ယခုကာလအတွင်း ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သား အများစုမှာ ခရီးစရိတ် ထိုင်းငွေ ဘတ် ၈၀၀ဝ ဝန်းကျင်ခန့် ကုန်ကျမှုရှိခဲ့ပြီး ထိုင်းရဲမှ ဖမ်းဆီးခံခဲ့ရသည့်ပုံစံမျိုးဖြင့် နယ်စပ်သို့ပြန်လာခဲ့ရသည်ဟု နေရပ်ပြန် မြန်မာလုပ်သားတစ်ချို့၏ ပြောဆိုမှုအရ သိရသည်။



















