
ဩဂုတ် ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် စည်ပင်အမှိုက်ကားပေါ်တွင် လက်လုပ်ဗုံး အသေး စားဟု ယူဆရသော ပေါက်ကွဲမှုတစ်ခု ယမန်နေ့ နံနက်ပိုင်းက ဖြစ်ခဲ့ပြီး အမှိုက်သိမ်းစည်ပင်လုပ်သားတစ်ဦး ခြေထောက်တွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံလမ်းထိပ် အာရှလမ်းမပေါ်တွင် ယမန်နေ့ ဩဂုတ်လ ၁၈ ရက် နံနက် ၈နာရီခွဲ အချိန်ခန့်က ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
စည်ပင်အမှိုက်သိမ်းကားမှ မြဝတီချစ်ကြည်ရေးတံတားထိပ်နှင့် ဘုရင့်နောင်လမ်း တလျှောက်ရှိ အမှိုက်များကိုသိမ်းပြီး အမှိုက်စွန့်ရန် သွားရောက်နေစဉ် အမှိုက်များ ပွနေ၍ ခြေဖြင့် နင်းသိပ်စဉ် ကားပေါ် ပါ အမှိုက်အိတ်တွင်းမှ ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်စည်ပင်သာယာရေးထံမှ သိရသည်။

မြဝတီမြို့နယ် စည်ပင်သာယာရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရောဘတ်ထူးက “ ပေါက်ကွဲသံက ကားဘီးပေါက်တဲ့ အသံလောက်ပဲကျယ်တယ်။ ပေါက်ကွဲမှုကြောင့် အသက် ၃ဝ ကျော် ဝန်းကျင် စည်ပင်အမှိုက်သိမ်း ဝန်ထမ်းအမျိုးသားတစ်ဦး ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တာလဲတော့ မသိဘူး။ စည်ပင်အမှိုက်သိမ်းဝန်ထမ်းတွေ ဆိုတာက မြို့ရွာသာယာဖို့ ဘယ်သူမှ မကိုင်ချင်တဲ့ အညစ်အကြေး စွန့်ပစ်အမှိုက်သရိုက်တွေကို လိုက်လံသိမ်းဆည်းပြီး စွန့်ပစ်ပေးနေကြတာ။”ဟု ပြောသည်။
ယခုလို လက်လုပ်ဗုံးဟုယူဆရသော လူကို ဒဏ်ရာရ သေစေနိုင်သည့် အရာဝတ္တုပစ္စည်းများကို အမှိုက်အိတ်များနှင့် ရောထွေးထားမှုသည် သာမာန်ပြည်သူများအပြင် အမှိုက်အိတ်များနှင့် တိုက်ရိုက်ထိတွေ့ရသော အောက်ခြေ အမှိုက်သိမ်းစည်ပင်ဝန်ထမ်းများအတွက် အန္တရာယ်ရှိစေနိုင် သည့်အတွက် မလုပ်ထိုက်သည့် ကိစ္စသာဖြစ်ကြောင်း ဦးစောရောဘတ်ထူးက ပြောဆိုသည်။


















