Home သတင်း စစ်‌ရေးလှုပ်ရှားမှုများလာ‌သော‌ကြောင့် ‌ကေအဲန်ယူ မူ‌တြော်ခရိုင်ထဲရှိ စစ်‌ရှောင်များ စားနပ်ရိက္ခာ ရရှိရန်ခက်ခဲ‌နေ

စစ်‌ရေးလှုပ်ရှားမှုများလာ‌သော‌ကြောင့် ‌ကေအဲန်ယူ မူ‌တြော်ခရိုင်ထဲရှိ စစ်‌ရှောင်များ စားနပ်ရိက္ခာ ရရှိရန်ခက်ခဲ‌နေ

1843
Photo_KESAN

ဩဂုတ် ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင် (တပ်မဟာ ၅) နယ်‌မြေတွင် ယခုလအတွင်း စစ်‌ကောင်စီ တပ်နှင့် နယ်ခြား‌စောင့်တပ်(BGF) ပူး‌ပေါင်းတပ်တို့ စစ်‌ရေးလှုပ်ရှားမှု ပိုမိုလုပ်‌ဆောင်လာသည့်အတွက် ‌ဒေသအ တွင်းရှိ ရွာပုန်းရွာ‌ရှောင် စစ်‌ဘေး‌ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာရရှိရန် အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု သိရသည်။

ယခုရက်ပိုင်းတွင် စစ်‌ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ စစ်‌ရေးလှုပ်ရှားမှု ယခင်ကထက် ပိုမိုလှုပ်ရှားလာသည့် အတွက် ရွာအပြင်ဘက်ရှိ ‌တော‌တောင်တွင် တိမ်း‌ရှောင်‌နေရသည့် စစ်‌ရှောင်ပြည်သူများမှာ ရိက္ခာသယ်ယူရန် အခက်အခဲရှိလာသည်ဟု စစ်‌ရှောင်ပြည်သူများကို အကူအညီ‌ပေးသည့် ကရင်အမျိုးသမီးအစည်းအရုံး-(KWO) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက ‌ပြောသည်။

၎င်းက“စစ်တပ်လှုပ်ရှားမှုနဲ့ နီးတဲ့ ‌နေရာ‌တွေမှာ ‌ဒေသခံ‌တွေက ရွာ‌တွေထဲ မပြန်ရဲဘူး၊ ရွာအပြင်ဘက် ‌တောထဲမှာ တိမ်း‌ရှောင်ရတယ်။ တချို့က အီတူးထာ့ စစ်‌ရှောင်စခန်းအထိ ရိက္ခာလာထမ်းယူရတယ်။ တချို့ရွာ‌တွေက စစ်တပ် စခန်း‌တွေရှိတယ်ဆို‌တော့ သူတို့နဲ့တိုးရင် အပစ်ခံရမှာလည်း ‌ကြောက်ရတယ်။ ရိက္ခာရဖို့က အခက်အခဲ‌တွေ ‌တွေ့‌နေရတယ်‌ပေါ့။ နည်းနည်းတည်ငြိမ်ရင် တချို့က ရွာပြန်‌နေတယ်။ အခုက စစ်တပ်အင်အားက အမြဲတိုး လာ‌တော့ တက်လာပြီးဆိုရင် တိုက်ပွဲကဖြစ်ပြီး ‌ဒေသခံ‌တွေကလည်း ထွက်‌ပြေး‌နေရပြန်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အီတူးထာ့ စစ်‌ရှောင်စခန်းနှင့် နီးစပ်သည့် ‌ကျေးရွာများမှ စစ်‌ဘေး‌ရှောင်များအတွက် အ‌ရေး‌ပေါ်ရိက္ခာများကို အီတူး ထာ့စခန်း၌ သို‌လှောင်ထားခြင်းရှိ‌သော်လည်း စစ်‌ပြေး‌ရှောင်များ ခိုလှုံ‌နေထိုင်သည့် အချို့‌နေရာများမှာလမ်းပန်း ဆက်သွယ်‌ရေးနှင့်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့် အ‌ခြေအ‌နေများ‌ကြောင့် ရိက္ခာများပို့‌ဆောင်ရန် အခက်အခဲရှိ သည့်အ‌ပေါ် အချို့မှာ ‌ငွေသားဖြင့် ‌ထောက်ပံ့‌ပေးရသည်ဟု စစ်‌ရှောင်ပြည်သူများကို ကူညီ‌ပေး‌နေ သည့်အဖွဲ့ထံမှ သိရသည်။

“‌ဒေသအတွင်းမှာ စစ်တပ်ဘက်က လက်နက်ကြီး‌တွေအမြဲပစ်‌တော့ သူတို့‌တွေက ရွာပြန်‌နေမရဘူး။ ဒီလိုပဲ‌တော ‌တောင်မှာ လိုက်‌ရှောင်‌နေရတယ်။ အခုက မိုးတွင်းကာလဖြစ်‌တော့ သူတို့ရှိတဲ့‌နေရာကို ဆန်‌တွေပို့လို့မရဘူး။ တစ် လစာ၊ နှစ်လစာဖြစ်ဖြစ် ဆန်ဝယ်စားနိုင်ဖို့ ပိုက်ဆံနဲ့‌ထောက်ပံ့‌ပေးတာလည်း ရှိတယ်။ ဆန်‌တွေရှိရင် အချင်းချင်း ‌ရောင်းချ‌ပေးဖို့ နယ်‌မြေအုပ်ချုပ်‌ရေးတာဝန်ခံ‌တွေက စီစဉ်‌ပေးရတာ‌ပေါ့”ဟု ‌နော်က‌ညော‌ဖောက ဆက်‌ပြောသည်။

‌ကေအဲန်ယူ မူ‌တြော်ခရိုင်နယ်‌မြေတွင် ပြီးခဲ့သည့် မတ်လမှစတင်၍ စစ်‌ကောင်စီတပ်ဘက်မှ ‌လေ‌ကြောင်းဖြင့် လာ‌ရောက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်‌ဆောင်သည့်အပြင် ‌မြေပြင်တွင်လည်း လက်နက်ကြီးအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်‌သော‌ကြောင့် ‌ဒေသခံ ပြည်သူ ၇၀,၀၀ဝ (ခုနှစ်‌သောင်း)‌ကျော် အိုးအိမ်စွန့်ခွာ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေရပြီး အများစုမှာ ယခုအချိန်ထိ ‌နေရပ်မပြန်နိုင်‌သေးဘဲ ‌တော‌တောင်များတွင် ပုန်း‌အောင်း‌နေရဆဲဖြစ်သည်ဟု ကူညီ‌ပေးသူများထံမှ သိရသည်။

ထို့အပြင် ဩဂုတ်လ ၁၇ရက်နှင့် ၁၉ ရက်‌နေ့တွင်လည်း စစ်‌ကောင်စီတပ်မှ KNU တပ်မဟာ(၅)နယ်‌မြေတွင် ဂျက်‌လေယာဉ်ဖြင့် လာ‌ရောက် ‌ထောက်လှမ်းမှုများရှိ‌နေသည့်အတွက် ထပ်မံဗုံးကြဲတိုက်ခိုက်လာမည်ကို ‌ဒေသခံများက စိုးရိမ်လျက်ရှိပြီး တိမ်း‌ရှောင်ရန် ကြိုတင်ပြင်ဆင်ထားရ‌ကြောင်းလည်း စစ်‌ရှောင်ပြည်သူများကို ကူညီ‌ပေးသူများ၏ ‌ပြောဆိုချက်အရ သိရသည်။