ဩဂုတ် ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများမှ ဝင်ငွေမရှိသည့် ကျေးလက်နေလူထုများသည် လတ်တလော ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။
ယခုကာလတွင် ကိုဗစ်ရောဂါကူးစက်မှုနှုန်း မြင့်တက်မှုကြောင့် အချို့ကျေးရွာများကို lock down ချမှတ်ပြီး အသွားအလာကန့်သတ်မှုရှိသလို ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံများအနေဖြင့် နေ့စဉ်စားဝတ်နေရေး အတွက် စိုးရိမ်ရလျက်ရှိသည်ဟု ကော့ကရိတ်မြို့နယ် သဒဲခို့ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ စောမြဝင်းက ယခုလိုပြောသည်။
၎င်းက ” ပြောရမယ်ဆိုရင် တချို့မိသားစုအတွက် ဆိုးဆိုးရွားရွားမဖြစ်ပေမယ့် တချို့ကျတော့ ဆွေမျိုးတွေကနေ ပိုက်ဆံချေးပြီးဝယ်စားနေရတာ ရှိတယ်ပေါ့နော်။ တချို့ကျတော့လည်း တောင်ယာကနေ အသီးအရွက်တွေ ရှာပြီးချက်ရတယ်ပေါ့နော်။ ဈေးနှုန်းတွေကလည်း တက်တယ်။ အရင်က စားသုံးဆီ ၁ လီတာဆိုလို့ရှိရင် ၁၅၀ဝ ကနေ အခုဆိုရင် ၂၅၀ဝ ထိ တက်သွားတယ်။ တချို့လိုအပ်တဲ့ ပစ္စည်းတွေဆိုရင် ပြတ်လပ်တာတွေ ရှိတယ် ပေါ့နော်။ ” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ကျေးရွာရှိ ဆိုင်များမှာ နီးစပ်ရာမြို့၊ ကျေးရွာဖြစ်သည့် ကျိတ်၊ ကျိုက်ဒုံ၊ ကော့ကရိတ်များတွင် ကုန်ပစ္စည်း ထပ်ဆင့် ဝယ်ယူရခြင်းကြောင့် ယခုလို ကုန်ဈေးနှုန်း တက်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါ ကျေးရွာများဖြစ်သည့် သဒဲခို့၊ ကျိတ်၊ ကွင်းကလေးအပါအဝင် ဒေါနတောင်ခြေတစ်လျှောက်ရှိ ကျေးရွာများတွင် လမ်းများပြန်ဖွင့်ပေးသော်လည်း အချိန်သတ်မှတ်ချက်နှင့် အလုပ်လုပ်ရန်၊ ကုန်ပစ္စည်း ဝယ်ယူလျှင် တစ်လကို ၃ ရက် သို့မဟုတ် ၃ ကြိမ် သတ်မှတ်ကာ ဈေးဝယ်ယူခွင့်ပြုထားခြင်းရှိသည်ဟု ကျေးရွာရှိ တာဝန်ရှိသူက ပြောသည်။

ကော့ကရိတ်တောင်ပိုင်းရှိ ဝင်ငွေမရှိသည့်မိသားစုအများစုမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် သား၊ သမီးများကို မှီခိုအားထားရပြီး အသွားအလာကန့်သတ်မှုကြောင့် ထိုင်းနိုင်ငံရှိသားသမီးများမှာ ငွေပို့ပေး၍ မရသည့်အတွက် အခက်အခဲများကြုံတွေ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။
ဒေါနတောင်ခြေရှိ အခြားရွာမှ ဒေသခံတစ်ဦးကလည်း “ကျနော်တို့ဖက်ခြမ်းက မြို့နဲ့နီးလို့ နည်းနည်းတော့ သက်သာတယ်ဆိုပေမယ့် မြို့နဲ့အလှမ်းဝေးတဲ့ ရွာတွေက တော်တော်ဆိုးတယ်။ ကုန်ဈေးနှုန်းတွေလည်း တက်တယ်။ ဝင်ငွေမရှိဘူး။ နေရာတိုင်းမှာပဲနော်။ အခုက လမ်းဖွင့်မှ ဈေးထွက်ဝက်လို့ရတယ်လေ”ဟု ပြောသည်။
ကော့ကရိတ်မြို့တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ တွေ့ရှိမှုများလာသည့်အတွက် နယ်မြေခံ KNU-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူတို့မှ ကော့ကရိတ်တောင်ပိုင်းရှိကျေးရွာများကို lock down ချမှတ်ကာ ကိုဗစ်သတ်မှတ်ချက်နှင့်အညီ အသွားအလာ ကန့်သတ်ထားလျက်ရှိသည်။
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ဇွန်လကုန်လခန့်မှစပြီး နေ့စဉ်ကိုဗစ်ကူးစက်ခံရသူနှင့် သေဆုံးမှုနှုန်းအရ ကရင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၂၀၀ဝ ကျော်ရှိသည့်အနက် ကော့ကရိတ်မြို့တွင် ကိုဗစ်ကူးစက်ခံရသူ ၃၀ဝ ကျော်ရှိကာ သေဆုံးသူမှာ ၄ဝ ခန့်ရှိသည်။



















