ဩဂုတ် ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ မှစပြီး ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူများမှ ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
ထိုင်းဘုရင်၏ ညီမတော် မင်းသမီး ချူလာဘွန်းမှ ကမကထပြု၍ မဲဆောက်ဒေသရှိ ပိန်ဆွန်ကုမ္ပဏီ အပါအဝင် လုပ်ငန်းရှင်များ၏မတည်ကူညီမှုဖြင့် ယခုလို ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ယခုလိုပြောသည်။
“မင်းသမီး ချူလာဘွန်းရဲ့ ကိုဗစ်ထိုးနှံရေး အစီအစဉ်မှာ လူငါးထောင်စာ သတ်မှတ်ထားတယ်။ ဒါက ပထမ အကျော့လည်းဖြစ်နိုင်ပါတယ်။” ဟု သူက ကေအိုင်စီသို့ပြောသည်။
ယခုလ ၁၇ ရက်နေ့မှ စတင်ထိုးနှံပေးခြင်းဖြစ်သည့်အတွက် ထိုင်းနိုင်ငံ၏ အခြားဒေသထက်စာလျှင် နောက်ကျ နေကြောင်းနှင့် လူဦးရေ (၅,၀၀၀)စာသာ ကနဦးသတ်မှတ်ထားသော်လည်း မဲဆောက်ဒေသတွင် မြန်မာရွှေ့ ပြောင်း လူဦးရေ နှစ်သိန်းခွဲခန့်ရှိနေကြောင်းလည်း ဦးမိုးကြိုးက ဆက်ပြောသည်။
ယခုလို ထိုးနှံပေးခြင်းသည်လည်း မဲဆောက်ဈေးပတ်ဝန်းကျင်တွင် ကူးစက်ခံရသူအများစုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု ဖြစ်နေသလို မဲဆောက်ဒေသတွင်း၌ပင် မြန်မာနိုင်ငံသား ၁ဝ ဦးခန့် ကိုဗစ်ကူးစက်ရောဂါ ဖြင့် သေဆုံးသွားကြောင်းလည်း ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။
ယခုလို ကာကွယ်ဈေး ထိုးနှံရာတွင် စာရွက်စာတမ်း အထောက်အထားရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး အလုပ်သမားအနေဖြင့် သွားရောက်ထိုးနှံရာတွင် အလုပ်ရှင်၏ ထောက်ခံစာ အပြည့်အစုံဖြင့် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကျန်းမာရေး ကနဦး စစ်ဆေးမှုပြုလုပ်ပြီးမှ ထိုးနှံပေးခြင်း ဖြစ် သည်ဟု သိရသည်။
လက်ရှိ ထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေး အမျိုးအစားမှာ တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားဖြစ်ပြီး မဲဆောက်မြို့ Robinson ကုန်တိုက်ကြီးတွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်း ထိုးနှံပေးခြင်းဖြစ်ကာ တစ်ရက်လျှင် လူဦးရေ တစ်ရာကျော် ထိုးနှံပေးနေကြောင်းလည်း သိရသည်။
ကာကွယ်ဆေးထိုးနှံခဲ့သူ မစန္ဒာကျော်က “ကျမက Robinson မှာအလုပ်လုပ်တယ်ဆိုတော့ အလုပ်က မန်နေ ဂျာက အလုပ်သမားတွေ အကုန်ကာကွယ်ဆေးထိုးရမယ်တဲ့။ မထိုးရင် အလုပ်လုပ်လို့ မရဘူးပေါ့။ အဲဒါနဲ့ နာမည် ပေးလိုက်တော့ မနေ့က နာမည်ကျလာတော့ သွားထိုးလိုက်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ထိုင်းနိုင်ငံအတွင်း ပြီးခဲ့သည့် လများတွင် ကိုဗစ်တတိယလှိုင်း ကူးစက်မှု မြှင့်မားခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ် သမား အများဆုံးနေထိုင်သည့် မဲဆောက်ဒေသ၌လည်း ကူးစက်မှု အမြင့်မားဆုံးဖြစ်ပွားခဲ့ကာ လက်ရှိ ကိုဗစ်ကာ ကွယ်ဆေး ထိုးနှံခြင်းကိုလည်း ပါဝင်ထိုးနှံသွားကြရန် ကျန်းမာရေး ပညာရှင်များနှင့် မြန်မာရွှေ့ပြောင်းအလုပ် သမားအရေးဆောင်ရွက်သူများက တိုက်တွန်းထားသည်။



















