ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ၊ မေတ္တာလင်းမြိုင်အနီးတွင် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး ဩဂုတ်လ ၁၆ ရက်နေ့တွင် မိုင်းနင်းမိရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ကော့ကရိတ်မြို့နယ်ရှိ KNU-ကရင်အမျိုးသား အစည်းအရုံးမှ ဖွင့်လှစ်ထားသော တောနော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
မိုင်းနင်းမိခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ ၎င်းနှင့်နီးစပ်သူတစ်ဦးက “လွန်ခဲ့တဲ့ ၃ ရက်လောက်ကပေါ့နော်။ ညနေ ၄နာရီကျော်ကျော်လောက်မှာ ဝါးသွားခုတ်ပြီးပြန်လာတာ စားစရာမရှိလို့ လေးဂွယူပြီး ငှက်သွားပစ်ရင်းနဲ့ မိုင်းနှင်းမိသွားတယ်ပေါ့နော်။ ဖြစ်တာနဲ့ ဒီကို ရောက်လာတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မိုင်းနင်းမိသောကြောင့် စောအယ်စိ၏ ညာဘက်ခြေထောက်မှာ လုံးဝကြွေမွသွား၍ ဒူးအောက်မှစကာ ဖြတ်လိုက်ရပြီး လက်ရှိတွင် သူ၏အသက်အန္တရာယ်အတွက် စိုးရိမ်ရမှုမရှိကြောင်း ကော့ကရိတ်မြို့နယ် တောနော် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ယခုလို ပြောသည်။
“ညာဘက်ခြေထောက်ကတော့ လုံးဝကြေမွသွားတယ်ပေါ့နော်။ ဒူးအောက်ကနေပြီးတော့ မနေ့က ဖြတ်လိုက်ရ တယ်ပေါ့နော်။ ဘယ်ဘက်ခြေထောက်ကတော့ လူနာကိုယ်တိုင်က အမှန်တော့ ဘယ်ဘက်ခြေထောက်လည်း လုံးဝကောင်းတာတော့မဟုတ်ဘူး။ သူက ထားကြည့်ချင်သေးတယ်ဆိုတော့ ခြေအနေကို စောင့်ကြည့်တယ် ပေါ့နော်။ လိုအပ်ရင်တော့ ဖြတ်ရမယ်။ လက်ရှိမှာတော့ ဘယ်ဘက်ခြေထောက် ကတော့ အော်ပရေးရှင်းမဝင်ရ သေးဘူး။ အမျိုးသားအဂင်္ါမှာ မိုင်းစထိထားတာလည်း ရှိတယ်။”ဟု ၎င်းက ပြောသည်။
စောအယ်စိ မိုင်းနင်းမိပြီးနောက် မေတ္တာလင်းမြိုင်ကျေးရွာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် လေးကေကော်မြို့သစ် ဆေးခန်းသို့ သွားရောက်ပြသပြီး ထိုမှတစ်ဆင့် မြဝတီဆေးရုံသို့ ပို့ဆောင်ပြီးနောက် ဆရာဝန် မရှိသည့်အတွက်ဆိုကာ တောနော်ဆေးရုံကို ထပ်မံပို့ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။
မိုင်းထိလူငယ် နင်းမိသည့် မြေမြှုပ်မိုင်းမှာ မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကို အတိအကျ မသိရှိရသော်လည်း ထိုဒေသမှာ နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းနှင့် စစ်ကောင်စီတပ်များ၏ အခြေစိုက်သည့် နယ်မြေဖြစ်သည်။



















