Home သတင်း တပ်မဟာ-၅ သို့ စစ်‌ကောင်စီက ဂျက်‌လေယာဉ်ဖြင့် တစ်ရက်အတွင်း ၃ ကြိမ် လာ‌ရောက်‌ထောက်လှမ်း‌နေ

တပ်မဟာ-၅ သို့ စစ်‌ကောင်စီက ဂျက်‌လေယာဉ်ဖြင့် တစ်ရက်အတွင်း ၃ ကြိမ် လာ‌ရောက်‌ထောက်လှမ်း‌နေ

2265

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်ခရိုင်၊ တပ်မဟာ ၅ နယ်‌မြေ၊ လူ‌သောမြို့နယ်သို့ စစ်‌ကောင်စီက ဩဂုတ် ၂၅ ရက် တစ်ရက်အတွင်း သုံးကြိမ်လာ‌ရောက် ‌ထောက်လှမ်း‌နေသည်ဟု မူ‌တြော်ခရိုင်သတင်းစဉ်က ယ‌နေ့ ည‌နေပိုင်းတွင် ထုတ်ပြန်‌ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် စစ်‌ကောင်စီတပ်ဘက်မှ စစ်သုံးဂျက်‌လေယာဉ် အသုံးပြုပြီး လူ‌သောမြို့နယ်အတွင်းရှိ ‌ပေး‌ကေးဒဲ ‌ကျေးရွာအုပ်စု၊ ‌ဘော‌သေထာ ‌ကျေးရွာအုပ်စု၊ ထီး‌ကောဒဲ ‌ကျေးရွာအုပ်စုနှင့် ‌တေမူဒဲ ‌ကျေးရွာအုပ်စုများ အ‌ပေါ်သို့ ယ‌နေ့မနက် ၈ နာရီခွဲ တွင်တစ်ကြိမ်၊ ၁ဝ နာရီ ‌ကျော်တွင်တစ်ကြိမ်နှင့် ၁၁ နာရီ ‌ကျော်တွင်တစ်ကြိမ် ‌လေယာဉ်နှင့် လာ‌ရောက် စုံစမ်းမှုပြုလုပ်‌ကြောင်း မူ‌တြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ယခုရက်ပိုင်းတွင် စစ်‌ကောင်စီ၏ စစ်သုံးဂျက်‌လေယာဉ်များ တပ်မဟာ ၅ နယ်‌မြေတွင် ‌နေ့စဉ်နီးပါး ပျံသန်း‌နေသည့်အတွက် ‌ဒေသခံများ စိုးရိမ်ထိန့်လန့် ‌နေပြီး ခရိုင်တာဝန်ရှိသူများကလည်း ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများနှင့် အခြားအန္တရာယ်ကင်းမည့် ‌နေရာများတွင် တပ်လှန့်အ‌နေအထားနှင့် သွားလာ‌နေထိုင်ကြရန် ညွှန်ကြားထားသည်။

တပ်မဟာ- ၅၊ ‌ပြောခွင့်ရ ဒုတိယဗိုလ်မှူး ကြီး‌စောကလယ်ဒိုက “ စစ်တပ်က ဂျက်‌လေယာဉ်နဲ့ လာ‌ရောက်စုံစမ်း ‌ထောက်လှမ်းတယ်။ ၂ ရက်၃ ရက် ဆက်တိုက် လာတယ်။ ဟိုတစ်‌နေ့တုန်းက ‌နေ့ပိုင်းမလာဘူး။ ညပိုင်းမှာ ဒရုန်းနဲ့ ပြန်လာစုံစမ်း တာမျိုးရှိတယ်။ ပြီး‌တော့ ‌မြေပြင်မှာလည်း တပ်အင်အားတိုးချဲ့တာရှိတယ်။ ‌မြေပြင်မှာရှိတဲ့ သူတို့ လူ‌တွေကို ရိက္ခာ လာပို့တယ်လို့ သိထားတယ်။ ဒါ‌ပေမယ့် အခုက‌နွေရာသီ‌ရောက်‌တော့မယ်ဆို‌တော့ သူတို့လာပြီး ကြိုတင်ပြင်ဆင်ထားတာလား‌တော့ ‌သေချာမသိ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ထိန်းချုပ်နယ်‌မြေများထဲတွင် ယခင်က တပ်မဟာ -၅၊ တစ်ခုတည်းသာ စစ်‌ရေးတင်းမာမှုရှိ‌သော်လည်း ယခုအချိန်တွင် တပ်မဟာ(၅)အပြင် တပ်မဟာ-၁၊ တပ်မဟာ-၂၊ တပ်မဟာ-၃နှင့် တပ်မဟာ-၆ များတွင်လည်း စစ်‌ရေးတင်းမာမှုများ ရှိ‌နေပြီး ဖြစ်သည်။

ယခုလို စစ်‌ရေးတင်းမာမှုများသည် စစ်‌ကောင်စီက အာဏာတည်မြဲ‌ရေးအတွက် အင်အားများ တိုးချဲ့ပြီး စစ်‌ရေး လှုပ်ရှာမှုများ လုပ်‌ဆောင်‌နေသည့် သ‌ဘောမျိုးဖြစ်နိုင်‌ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး ‌စောကလယ်ဒိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ တပ်မဟာ-၅ နှင့် တပ်မဟာ -၃ တို့တွင် စစ်‌ကောင်စီတပ်မှ ပြီးခဲ့သည့် မတ်လတွင် ဂျက်‌လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများလုပ်‌ဆောင်ခဲ့သည့်အတွက် ‌ဒေသခံ‌သေဆုံးမှုများရှိသလို ပြည်သူ ၇၀,၀၀ဝ ဦး‌ကျော် အိုးအိမ်စွန့်ခွာပြီး ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း စစ်‌ပြေး‌ရှောင် ကူညီ‌ပေးသူထံမှ သိရသည်။