ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ -၆ နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးပဋိပက္ခကြောင့် အံဖလေးရွာတစ်ရွာလုံးနီးပါး ဘုန်းကြီး ကျောင်းနှ င့် ဆွေမျိုးအိမ်များတွင် ခိုလှုံနေရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။
အံဖလေးကျေးရွာတွင် အိမ်ခြေ (၁၂၀) ကျော်ရှိပြီး KNLA နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုကြောင့် အံဖလေးရွာရှိ လူထုများသည် အံဖလေးကျေးရွာရှိ မနန်းစိန်တောင်ခြေရှိဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများရှိရာ အခြား ကျေးရွာများတွင် သွားရောက်ခိုလှုံနေရကြောင်းကို အမည်မဖော်လိုသူ ဒေသခံတဦးက ယခုလို ပြောသည်။
၎င်းက ” မနေ့က ပစ်ခတ်မှုတွေကြောင့် ရွှေ့ပြောင်းရတာရှိတာပေါ့လေ။ ဒီနေ့လည်း ဝေးတဲ့တစ်နေရာ ဘုန်းကြီး ကျောင်းတွေမှာ ရွှေ့ပြောင်းကြတယ်။ ဆွေမျိုးတွေအိမ်မှာလည်း ပြောင်းကြတယ်။ တစ်ရွာလုံးနီးပါး ပြောင်းကြ တယ်ပေါ့နော်။ တချို့အိမ်တွေက ဝက်တွေ၊ နွားတွေ စောင့်ကြည့်ဖို့ ကျန်တာတွေ ရှိတယ်။ ထွက်ပြေးတဲ့လူက အခြေအနေ ကောင်းရင် အိမ်မှာ ဆန်တွေ ဘာတွေ ပြန်လာယူလိုက်၊ ပြန်သွားလိုက် လုပ်နေရတာ” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့မှစ၍ ကမိုင်ကုန်းတွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုရှိလာပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့တွင် ကမိုင်ကုန်းနှင့် အံဖလေး ကျေးရွာတွင် KNLA နှင့် စစ်ကောင်စီတို့ကြား ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းမှုများ ရှိသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အမည်မဖော်လိုသူ အံဖလေးရွာသား တစ်ဦးက ” အခုက ရွာသားတွေက ရွာမှာနေရတာ ကြောက်ရတဲ့ အတွက် ပေါ့နော် ဒီမနန်းစိန်တောင်ခြေက ဘုန်းကြီးကျောင်း မှာ လာစုနေတာပေါ့နော်။ ရွာနဲ့တော့ နဲနဲဝေးတယ်ပေါ့။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ ဒီကိုရောက်တာ ၃ ရက်ရှိပြီး။ ပေါ့ နော် ဒီနေ့နဲ့ပါဆိုရင်ပေါ့။ ဒီဘုန်းကြီးကျောင်းမှာပဲ အယောက် ၅ဝ လောက်ရှိတယ်။ ဆန်တွေက နင်နည်းနည်း၊ ငါနည်းနည်းနဲ့ ယူလာပြီး ဒီလိုပဲ စုပြီး ချက်စားရတယ်၊ ဘယ်လိုလုပ်မလဲ ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့နောက် ဩဂုတ်လ (၂၄) ရက်နေ့တွင် ကမိုင်ကုန်းနှင့် အံဖလေးကျေးရွာဘက်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၃)နှင့် KNLA တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်း(၁၈)တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သလို KNLA ဘက်မှ ၂ ဦး ကျဆုံးခဲ့သည်ဟု KNU နယ်မြေခံ တာဝန်ရှိသူများထံမှ သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်၂၄ ရက်နေ့တွင် KNU ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွင်းကလေးရွာအနီးရှိ ကော်သနော့ကျေးရွာ၌ စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကို ပေါ်တာဆွဲမှုကြောင့် ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်းကို KNU ဒူးပလာယာခရိုင်၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားသည်။
လတ်တလောတွင် KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်း လာနေပြီး စစ်ရေးကျူးကျော်လာသည့် အတွက် ပစ်ခတ်မှုဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူအချို့ စစ်ဘေးရှောင် နေရသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရှိရသည်။



















