စံပြုထိုက်သူ မေ့လျော့ခံ ဝါရင့်အမျိုးသမီးစစ်သည်
နန်းဖော့ဂေ
(၂ဝ ဇူလိုင် ၂၀၂၁)
“ငါက စစ်ပဲတိုက်ခဲ့တာ။ ဒါပေမယ့် ငါတို့ စစ်တိုက်ခဲ့တုန်းက လူထုကို အခု ဗမာစစ်တပ်(စစ်ကောင်စီ)လို မသတ်ခဲ့ဘူး။ ငါတို့က ရန်သူကိုပဲ တိုက်တာ။”လို့ ကရင်ဘာသာစကားနဲ့ ပြောနေသူက ဖက်မိုး၊ ကြမ်းခင်းအိမ်ငယ်လေးပေါ်မှာ ပြုတ် ထားပြီးခါစ မုန့်ဟင်းခါးဖတ်ကို ရေအေးနဲ့အထပ်ထပ် ဆေးကြောနေတဲ့ အသက် ၆ဝနီးပါးအရွယ် ကရင်အမျိုးသမီးတစ် ဦး ဖြစ်ပါတယ်။
သေးသွယ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာပြင်ပေါ် ဇရာအရေးအကြောင်း နည်းနည်းပေါ်လွင်နေပြီဖြစ်တဲ့ သူမဟာ အခုဆို စစ်မတိုက်ရတော့ဘဲ သမီး၊ မြေးငယ်တို့နဲ့အတူ မိသားစု စားဝတ်နေရေးအတွက် အိမ်ရှေ့ဆိုင်လေးမှာ နေ့စဉ် မုန့်ဟင်းခါးရောင်းနေပါတယ်။ မနက်ကနေ ညနေအထိတော့ အသင့်ပြုတ်ယူနိုင်တဲ့ မုန့်တီဖတ်အခြောက်ကိုပြုတ်ပြီး တစ်ပွဲစာ ပုံထားလိုက်ရင်း ငါးကြင်းနဲ့ချက်ထားတဲ့ မုန့်ဟင်းခါးရည်ကို ငြုပ်သီးလှော်ထောင်းဗူးလေး ချထားပြီး မုန့်ဟင်း ခါးရောင်းတာနဲ့ တစ်နေ့တာ ဘဝကို ရုန်းကန်သွားနေပါတယ်။
တကယ်တော့ သူမဟာ ကေအဲန်အယ်လ်အေ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၂၁)ရဲ့ စစ်သက် တမ်းအနှစ် ၄၀ကျော် တာဝန်ထမ်းဆောင်လာခဲ့တဲ့ ဝါရင့်အမျိုးသမီးစစ်သည် နော်မာမာအေးပါ။ ကေအဲန်အယ်လ်အေ ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်အောက်ခံ တပ်ဖက်ဆိုင်ရာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မ ဟာ(၇)အောက်က မိခင်တပ်ရင်းရဲ့ တိုက်ခိုက်ရေးပိုင်းမှာပဲ သူမ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
လက်ရှိ ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁) တပ်ရင်းမှူးကတော့ “နော်မာအေးဟာ ဝါရင့်စစ်သည်ပဲ။ သူ့ကိုယ်ပိုင်နံပါတ် က ကျနော့်ကိုယ်ပိုင်နံပါတ်ထက် ပိုစောတယ်ဆိုတော့ သူဟာ ကျနော့်ထက်ကို ပိုပြီး စီနီယာကျတယ်လေ။ ဆိုတော့ ဒီတပ်ရင်းမှာ သူဟာ ကျနော့်ထက် ဝါရင့်တဲ့သူတစ်ယောက်လို့ပဲ ပြောရမယ်။”လို့ ဆိုပါတယ်။
နော်မာမာအေးဟာ လွန်ခဲ့တဲ့ ၃နှစ်လောက်က ခင်ပွန်းသည် နာမကျန်းလို့ ဆုံးပါးသွားပြီးတဲ့နောက် သားနှစ်ယောက်နဲ့ သမီးကြီးတို့က သူမထံ ပြန်ရောက်မလာနိုင်ကြပါဘူး။ တတိယနိုင်ငံ ခိုလှုံနေထိုင်ခွင့် အစီအစဉ်နဲ့ အမေရိကန်ရောက် သွားတဲ့ သားကြီးဆီကသာ ရံဖန်ရံခါ ပို့ပေးလာတဲ့ ငွေကြေးတွေနဲ့ အိမ်ပြင်၊ဈေးရောင်းဖို့ အရင်းအနှီး လုပ်နေရပေမယ့် သားသမီးတွေရဲ့ အခြေအနေတွေကို ကောင်းစွာ နားလည်နေတဲ့ သူမဟာ ငြိုငြင်ညီးတွားသံ မပြခဲ့ပါဘူး။
စကားပြောတိုင်း အမြဲပြုံးနေတတ်သူ နော်မာမာအေးက “တပ်ထဲမှာပဲ အလုပ်လုပ်ခဲ့တော့ ခလေးငယ်တုန်းက ခွင့်ယူပြီး လုပ်ဖူးတာဆိုလို့ မုန့်ဟင်းခါးချက်ရောင်းတာပဲ တတ်တယ်လေ။ အခုလည်း ဒီလိုပဲ တတ်တာလေးနဲ့ တစ်နေကုန် ရောင်းနေတာပဲ။”လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ထဲက မြို့နဲ့အလှမ်းဝေးလွန်းတဲ့ တောင်ပေါ်ကျေးရွာလေးမှာ မွေးဖွားလာခဲ့တဲ့ သူမဟာ ငယ်စဉ်ကတည်းက မိဘတွေ ဆုံးပါးသွားခဲ့ပါတယ်။ မွေးချင်းမောင်နှမတွေထဲမှာလည်း အငယ်ဆုံးဖြစ်ပြီး သူမအသက် ၁၂နှစ်ကတည်းက ရွာကနေထွက်ခွာပြီး ရန်ကုန်မြို့မှာ ခလေးထိန်းအလုပ်ကို တစ်နှစ်ခွဲကျော် သွားရောက်လုပ်ခဲ့ဖူး တယ်လို့လည်း ပြောပြပါတယ်။
“ကျမ ငယ်ငယ်လေးက အမေဟာ နေမကောင်းဘူး။ ဆေးသွားကုဖို့ကလည်း တော်တော်ဝေးတော့ ဆေးမြီးတိုတွေနဲ့ပဲ ကုပေမယ့် အမေဆုံးသွားခဲ့တယ်။ အမေဆုံးပြီးတော့ ကျမလည်း ရွာကလူတွေနဲ့ ရန်ကုန်လိုက်သွားတယ်။ အိမ်တစ်အိမ် မှာ ခလေးထိန်းတဲ့ အလုပ်လုပ်တယ်။ အဲဒီတုန်းက လစာက တစ်လ ၂၅ကျပ် ရတယ်။ နောက်တော့လည်း မပျော်တော့ လို့ ရွာကို ပြန်လာလိုက်တယ်။”လို့ ဆိုပါတယ်။
သူမဟာ ရွာပြန်ရောက်လာပြီးနောက်ပိုင်း အသက် ၁၅နှစ်အရွယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ကြောင်း သူမရဲ့တော်လှန်ရေးဘဝ အစပျိုးဝင်ရောက်ချိန်နဲ့ ၁၉၈၂ခုနှစ်မှာပါဝင်ခဲ့ရတဲ့ သူမ ရဲ့ နောက်ဆုံးတိုက်ပွဲကို အခုလို ပြောပြပါတယ်။
“မိဘတွေလည်း မရှိတော့ဘူး။ မောင်နှမတွေလည်း သူ့ဟာနဲ့သူပဲမို့ ကျမလည်း ရွာထဲကို စည်းရုံးရေးလာဆင်းတဲ့ အမျိုး သမီးစစ်သည်တွေနောက်ကို လိုက်သွားခဲ့တယ်။ စစ်သင်တန်းကိုတော့ တစ်ခေါက်ပဲတက်ခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲက တော့ တစ်ခါမက ခနခန သွားခဲ့ဖူးတယ်။ နောက်ဆုံးသွားခဲ့တဲ့ တိုက်ပွဲက နော်တယာတိုက်ပွဲပဲ။”လို့ ဆိုပါတယ်။
ကရင့်တော်လှန်ရေးမှာ သူမဟာ ဘဝတူ တပ်ဖွဲ့ဝင်စစ်သည်တစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ သူမ နဲ့ တပ်ရင်းတစ်ခုတည်း တာဝန်ထမ်းဆောင်ပေမယ့်လည်း ၂၀၁၇ခုနှစ်မှာ ကျန်းမာရေးချို့တဲ့မှုကြောင့် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါ့အပြင် သားသမီးငါးဦး ထွန်းကားခဲ့တဲ့အနက် သားတစ်ဦးကလည်း ဆုံးပါးသွားခဲ့ပါသေး တယ်။
ခုချိန်မှာ သားသမီးအချို့နဲ့ အတူတကွ မနေရသလို အဝေးရောက် သားသမီးတွေကို အပူကပ်တာမျိုးလည်း မရှိဘဲ သူမ နဲ့အတူ ရှိနေတဲ့ အသက် ၁၉နှစ်အရွယ် အိမ်ထောင်ကျသွားတဲ့ သမီးငယ်တို့သားအမိနဲ့ ရှိသမျှ ရှင်သန်ရပ်တည်ကြရင်း စစ်သည်နော်မာမာအေးဟာ ဘဝကို သင့်တင့်လျောက်ပတ်စွာ ရောင့်ရဲကျေနပ်နေသူ ဖြစ်ပါတယ်။
သူမထက် လုပ်သက် ၁နှစ်ကျော်တဲ့ လုပ်ဖော်ကိုင်ဖက် ဝါရင့်အမျိုးသမီးစစ်သည် နော်သဘီးက “သူက တပ်ထဲဝင်ဝင် ချင်း ရှေ့တန်းထွက်ရတာပဲ။ ရန်သူက ဝင်ထိုးတာကိုး။ စစ်သင်တန်းမှ မတက်ရသေးပေမယ့် နော်မာအေးကတော့ သွား တာပဲ။ သူက စကားနည်းတယ်။ လုပ်စရာရှိတာ လုပ်တယ်။ ကျမတို့လို မသောက်မစားတတ်ဘူး။”လို့ ပြန်ပြောင်းပြော ပြပါတယ်။
တပ်သက်တမ်းမှာ အမျိုးသားစစ်သည်တွေနဲ့အတူ တိုက်ပွဲတွေမှာ တိုက်ခိုက်ခဲ့ပေမယ့်လည်း ပြင်းထန်တဲ့ ဒဏ်ရာရရှိမှု တော့ မရှိခဲ့ဘူးလို့ သူမက ပြောပြပါတယ်။ တော်လှန်ရေးတပ်ထဲ ဝင်ရောက်ကတည်းက စစ်သင်တန်းကို တစ်ခါပဲ တက်ရောက်ခဲ့တာဖြစ်ပြီး ထိုစဉ်က စစ်သင်တန်းတက်ရောက်သူ ၁၈၀ကျော်မှာ အမျိုးသမီး ၄ဦးပဲ ပါဝင်တယ်လို့လည်း သူမက ဆိုပါတယ်။
တိုက်ခိုက်ရေး အတွေ့အကြုံနဲ့ စိတ်ဓာတ်ရေးရာ ခိုင်မာသူ ဝါရင့်စစ်သည် နော်မာမာအေးဟာ စစ်သက်တမ်း ကြာမြင့် လာတာနဲ့အမျှ တပ်ရင်းထဲက အထက်အရာရှိတွေက ရာထူးတိုးပေးပေမယ့် ရာထူး၊ တာဝန် တပ်မက်မှုမရှိတဲ့ သူမဟာ လက်မခံဘဲ ငြင်းပယ်ခဲ့တဲ့အကြောင်း အခုလို ပြန်ပြောပြပါတယ်။
“လူကြီးတွေက ကျမကို ဆရာ(တပ်ကြပ်)အဆင့် လုပ်ခိုင်းခဲ့ဖူးတယ်။ ဒါပေမယ့် ကျမက ဆရာတွေ ဘာတွေ လုပ်မပျော် ဘူး။ စစ်သားစစ်စစ်ပဲ လုပ်ချင်တယ်။ တိုက်စရာရှိရင် တိုက်မယ်။ သွားစရာရှိရင် သွားမယ်။ နားစရာရှိရင် နားမယ်။ ဒီလောက်ပဲ။ ကျန်တာ ဘာမှမသိဘူး။”လို့ သူမက ရီရီမောမော ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလက နှစ် (၇၀)ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးက ဗဟိုအဆင့် ကျင်းပပြုလုပ်ခဲ့စဉ် တော်လှန်ရေးမှာ နှစ် (၄၀)၊ နှစ် (၅၀)နဲ့အထက် မပျက်မကွက် တာဝန်ထမ်းဆောင်ခဲ့သူတွေကို ဆုတံဆိပ်တွေနဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်။ ကျင်းပတဲ့နေရာကို လာရောက်နိုင်သူတွေ က ကိုယ်တိုင် ဆုလက်ခံရယူနိုင်ပေမယ့် သွားလာရေး ခက်ခဲဝေးလံသူ ဂုဏ်ပြုခံတွေကိုတော့ သက်ဆိုင်ရာ ခရိုင်၊ တပ်မ ဟာ၊ တပ်ရင်းတွေကနေ တဆင့် ပြန်လည်ပေးပို့သွားခဲ့ပါတယ်။
သို့သော် ကရင့်တော်လှန်ရေးသက်တမ်းရဲ့ ထက်ဝက်ကျော်ကာလ နှစ် ၄၀ကျော်တိုင်တိုင် အခြားဘယ်ခွဲထွက်အဖွဲ့ဆီမှ ဘက်ပြောင်းမသွားဘဲ တပ်ဖက်ဆိုင်ရာ ဝါရင့်အမျိုးသမီးစစ်သည်အဖြစ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်လာခဲ့တဲ့ နော်မာ မာအေးက အဲဒီဂုဏ်ပြုဆုကို မရရှိခဲ့ကြောင်း ရိုးသားစွာပဲ ပြောပြပါတယ်။
“တော်လှန်ရေးနေ့မှာ ဂုဏ်ပြုဆုပေးတယ် ဆိုတာတော့ ကြားမိပါတယ်။ ဒါပေမယ့် ကျမတော့ မပါလိုက်ဘူး။ အဲဒီတုန်း က ဘယ်သူမှလည်း လာမေး၊လာပြောတာ မရှိဘူး။ ကျမအတွက်ကတော့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘာမှမဖြစ် ဘူးလေ။”လို့ သူမက ထုံးစံအတိုင်း ပြုံးပြုံးလေးနဲ့ ဆိုပါတယ်။
ကေအဲန်ယူအနေနဲ့ ကရင့်တော်လှန်ရေးရဲ့ ဂုဏ်ပြုခံပုဂ္ဂိုလ်တွေကို ရွေးချယ်ရာမှာ တော်လှန်ရေးအတွင်း လစ်ဟင်းမှုမရှိ တာဝန်ယူလာခဲ့သူဖြစ်ရမယ်ဆိုတဲ့အတွက် သူမရဲ့အားနည်းချက်လေးတစ်ခုက မိသားစုစားဝတ်နေရေးအတွက် ထိုင်း နိုင်ငံဘက် အလုပ်သွားလုပ်ခဲ့တာလေးတစ်ခုပါပဲ။ ဒါကလည်း တော်လှန်ရေးသမားတွေရဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့ ကြား ကာလအခြေအနေတွေပါပဲ။
ဖားအံခရိုင်၊ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ နော်အဲ့စေးက “မာအေးက နာမည်ကြီးပဲ။ သူနဲ့ နော်သဘီးတို့နှစ် ယောက်ဟာ ဗိုလ်မှူးဂျော်(လက်ရှိ စစ်ဦးစီးချုပ်)စစ်ကြောင်းဆင်းပြီဆို သူတို့နှစ်ယောက် အမြဲပါတယ်။ အဲဒီတုန်းက အခြားအမျိုးသမီးစစ်သည်တွေလည်း ရှိပေမယ့် မာအေးနဲ့နော်သဘီးဆိုရင် ရွာတွေမှာ မသိသူမရှိဘူး။”လို့ ဆိုပါတယ်။
နော်မာအေးဟာ စစ်သည်တစ်ဦးမို့ နိုင်ငံရေးကို နားမလည်ပေမယ့် ညဘက်ဆို အိမ်အနီးအနားက တီဗွီရှိတဲ့အိမ်သွား လည်ရင်း သတင်း၊ ဇာတ်လမ်း ကြည့်နေတတ်တာကြောင့် မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းတာ၊ ပြည်နယ် နဲ့ တိုင်းဒေသက မြို့/ရွာအသီးသီးမှာ ပြည်သူလူထုတွေ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်မှောက်ကြတာ၊ ဆန္ဒပြတဲ့ လူငယ်လူရွယ်တွေ ရဲတပ်ဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ရဲ့ ပစ်သတ်ခံနေရတဲ့အကြောင်းတွေကို သူမ သိနေခဲ့ပါတယ်။
ဒါကြောင့်လည်း ၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့ ညဦးပိုင်း သူမတို့နယ်မြေတနေရာမှာ ဒေသခံလူထုတွေနဲ့အတူ ပြုလုပ် ဖြစ်ခဲ့ကြတဲ့ “နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြုခြင်းနှင့် ဝတ်ပြုဆု တောင်းခြင်း” ဖယောင်းတိုင်မီးထွန်း အစီအစဉ်ကို အမျိုးသားတပ်ဖွဲ့ဝင်တွေနဲ့အတူ နော်မာမာအေးလည်း မီးညှိထားပြီး သား ဖယောင်းတိုင်ကို ကိုင်ဆောင်ရင်း ယူနီဖောင်းအပြည့်နဲ့ တက်ကြွစွာ ပါဝင်ဆုတောင်းပေးခဲ့ပါတယ်။
၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့ ကေအဲန်ယူနဲ့ မြန်မာအစိုးရတို့ ဖားအံမြို့မှာ ပြည်နယ်အဆင့် ပဏာမ အပစ်ရပ် သဘောတူညီမှုအပြင် ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(အဲန်စီအေ)ကို အခြားတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ဖွဲ့နဲ့အတူ နေပြည်တော်မှာ လက် မှတ်ထိုးခဲ့တဲ့အထဲ ကေအဲန်ယူကလည်း ပါဝင်ခဲ့ကြောင့် နော်မာအေးတို့တပ်ရင်း၊ တပ်မဟာနယ်မြေမှာ တိုက်ပွဲတွေ မရှိ တော့သလို ဖြစ်ခဲ့ပါတယ်။
သို့သော် စစ်သည်နော်မာမာအေးကတော့ မိမိတပ်ရင်းထဲမှာ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး တိုက်ပွဲတွေ ထပ်မဖြစ်ပေမယ့် တပ်ရင်းက လိုအပ်ချက်အရ တာဝန်ပေးမယ်ဆို အဆင်သင့်ရှိနေတဲ့အတွက် သူမ အပါအဝင် သူမလို ကေအဲန်ယူအဖွဲ့အစည်းထဲမှာ ပေးဆပ်အနစ်နာခံပြီး တာဝန်ထမ်းဆောင်လျက်ရှိတဲ့ တပ်ဖက်၊ အရပ်ဖက် အမျိုးသမီး တွေကို လာမယ့်နှစ်ရဲ့ ကရင့်တော်လှန်ရေးနေ့၊ ကရင့်အာဇာနည်နေ့၊ ကရင်အမျိုးသားနေ့ စတဲ့ အခမ်းအနားတွေမှာ သင့်တင့်လျောက်ပတ်စွာ မမေ့မလျော့ ဂုဏ်ပြုပေးသင့်ပါတယ်။
ဒါမှသာ အမေ့လျော့ခံနေရတဲ့ အမျိုးသမီးစစ်သည်တွေ၊ အမျိုးသမီးအဖွဲ့ဝင်တွေကို စိတ်ဓာတ်ခွန်အား၊ ဉာဏခွန်အား များစွာ ပေးစွမ်းရာရောက်သလို တော်လှန်ရေးအောင်မြင်အောင် ဆက်လက်ပုခုံးပြောင်းတာဝန်ယူမယ့် မျိုးဆက်သစ် လူငယ်မောင်မယ်တွေအတွက်လည်း စံပြသူရဲကောင်းများအဖြစ် သမိုင်းတင် ကျန်ရစ်နိုင်မှာ ဖြစ်ပါတယ်။