Home သတင်း NUG အစိုးရအဖွဲ့သို့ ထိုင်းအ‌ခြေစိုက် မြန်မာလုပ်သားကူညီ‌ရေးအဖွဲ့(AAC) မှ ထိုင်း‌ငွေ ဘတ် ၂ သန်း လှူဒါန်း

NUG အစိုးရအဖွဲ့သို့ ထိုင်းအ‌ခြေစိုက် မြန်မာလုပ်သားကူညီ‌ရေးအဖွဲ့(AAC) မှ ထိုင်း‌ငွေ ဘတ် ၂ သန်း လှူဒါန်း

2105

‌မေလ ၇ ရက်၊၂၀၂၁ ခုနှစ်။‌ကေအိုင်စီ

မြန်မာနိုင်ငံအမျိုးသားညီညွတ်‌ရေးအစိုးရအဖွဲ့ (NUG)သို့ ထိုင်းနိုင်ငံအ‌ခြေစိုက် မြန်မာလုပ်သား ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့ (AAC) မှ ထိုင်းဘတ်‌ငွေ ၂ သန်း လှူဒါန်းထား‌ကြောင်း သိရသည်။

NUG အစိုးရ ကာကွယ်‌ရေး ဝန်ကြီးဌာနအတွက် အသုံးစရိတ် ဘတ် ၁ သန်းနှင့် အခြား ဝန်ကြီးဌာနများအတွက် ဘတ် ၁ သန်း စုစု‌ပေါင်း ထိုင်းဘတ်‌ငွေ ၂ သန်း အား လှူဒါန်း‌ပေးခဲ့သည်ဟု AAC တာဝန်ခံ ကိုရဲမင်း က ‌ပြောသည်။

ထိုင်းနိုင်ငံ‌ရောက်မြန်မာလုပ်သားများ၏ စု‌ပေါင်းအလှူ‌ငွေ ဘတ် ၁ သန်းအား NUG အစိုးရ ကာကွယ်‌ရေးဝန်ကြီးဌာနထံ AAC အဖွဲ့မှကိုယ်စားလှူဒါန်းခဲ့ရာတွင် ကာကွယ်‌ရေးဝန်ကြီးဦးရည်မွန်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်‌ပေးအပ်ခဲ့သည်ဟု ကိုရဲမင်းက ယ‌နေ့ ‌မေလ ၇ ရက် နံနက်ပိုင်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် AAC မှ NUG အစိုးရအဖွဲ့ထံ ထိုင်း‌ရောက်မြန်မာများ၏ စု‌ပေါင်းလှူဒါန်းမှုများအား ဆက်လက်လှူဒါန်း‌ပေးသွားမည်ဖြစ်ပြီး စားနပ်ရိက္ခာများလှူဒါန်းရန် အတွက်လည်း စတင်ပို့‌ဆောင်ရန် စီစဉ်လျှက်ရှိသည်ဟု ကိုရဲမင်း က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း ထိုင်း‌ရောက်မြန်မာလုပ်သားများ၏ စု‌ပေါင်း အလှူ‌ငွေများအား AAC အဖွဲ့မှတဆင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ်သို့ ထိုင်းဘတ်‌ငွေ ၁ သန်း နှင့် လိုအပ်သည့် ရိက္ခာပစ္စည်းများကို ‌ထောက်ပံ့လှူဒါန်းခဲ့‌ကြောင်း သိရသည်။