မေ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
လေပြင်းတိုက်ခတ်မှုကြောင့် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ မူတြော်ခရိုင် ၊ တပ်မဟာ(၅) ဟိုကေဒေသရှိ ကရင်ကျောင်းဆရာ အတတ်သင် ကောလိပ်( Karen Teacher Training College-KTTC ) ကျောင်းဆောင်အများအပြား ပျက်စီးသွားသည်ဟု တာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၅ရက်နေ့ မွန်းလွဲပိုင်းတွင် မိုးသက်လေးပြင်တိုက်ခတ်သည့်အတွက် ကောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည့် (KTTC) ကောလိပ်ကျောင်းဝင်းအတွင်းရှိသည့် ကျောင်းဆောင်နှင့် ဘော်ဒါဆောင် အဆောက်အဦးများ ပျက်စီးသွားသလို ကျောင်းသူကျောင်းသားများ၏ စားနပ်ရိက္ခာများလည်း ပျက်စီးခဲ့သည်ဟု သိရသည်။
Karen Teacher Working Group (KTWG) ဒါရိုက်တာ နော်လယ်ထူးက “ပျက်စီးသွားတာတော့ အများကြီးရှိ တယ်။ ပြီးတော့ အဲဒီမှာရှိတဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် နောက်ထပ်၂ လစာ၊ ၃ လစာလောက် ခံမယ့် ဆန်တွေကလည်း ပျက်စီးသွားတယ်။ ပြီးတော့ ကျောင်းဆင်းပွဲလုပ်ဖို့လည်းရှိတော့ အဆောက်အဦး ပြန်ဆောက်ပြီးမှ ပြန်လုပ်ရမယ်”ဟုကေအိုင်စီသို့ပြောသည်။

အဆိုပါ ပျက်စီးသွားသည့်အထဲတွင် အဆောက်အဦး ၆ လုံး ပါဝင်သည့်အပြင် ကျောင်းအတွက် အသုံးပြုသည့် ဆိုလာပြားများလည်း ပျက်စီးသွားခဲ့သည်ဟု နော်လယ်ထူးက ပြောသည်။
ကျောင်းဆောင် အဆောက်အဦးများ ပျက်စီးသွားသောကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်း တက်နေသည့် ကျောင်းသားများအတွက် ဘွဲ့လက်မှတ်ပေးအပ်မည့်အခမ်းအနားကိုလည်း ရက်ရွှေ့ လိုက်ရသည်ဟု သိရသည်။
ကရင်ကျောင်းဆရာ အတတ်သင် ကောလိပ် (KTTC) ကို Karen Teacher Working Group နှင့် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) တို့ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။



















